၁၅၃။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ခွင့်မပြုသော ရဟန်းကို အာပတ်ဖြင့် စောဒနာကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ခွင့်မပြုသော ရဟန်းကို အာပတ်ဖြင့် မစောဒနာအပ်၊
စောဒနာသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
''ရဟန်းတို့ 'အသျှင် ဘုရားသည် အခွင့်ပြုတော် မူပါလော့၊ အကျွန်ုပ်သည် သင့်ကို မေးခြင်းငှါ အလိုရှိပါ၏'ဟု ခွင့်တောင်း ပြီးမှ အာပတ်ဖြင့် စောဒနာခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ သီလကို ချစ်မြတ်နိုးသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ခွင့်တောင်းပြီးလျှင် အာပတ်ဖြင့် စောဒနာကုန်၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရန်ငြိုးဖွဲ့ကုန်၏၊ ဒေါသဖြစ်ကုန်၏၊ လက်နက်ဖြင့် ခြိမ်း ခြောက်ကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ အခွင့်ပေးသော်လည်း ပုဂ္ဂိုလ်ကို ချိန်ဆ၍ အာပတ်ဖြင့် စောဒနာခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''သီလကို ချစ်မြတ်နိုးသော ရဟန်းတို့က ငါတို့အား ရှေးဦးစွာ ခွင့်တောင်းကုန်၏''ဟု အာပတ်မရှိ စင်ကြယ်သော ရဟန်းတို့ကို အကြောင်းဝတ္တုမရှိဘဲ ကြိုတင်၍ ခွင့်တောင်းကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အာပတ်မရှိ စင်ကြယ်သော ရဟန်းတို့ကို အကြောင်းဝတ္ထုမရှိဘဲ ခွင့်မတောင်းအပ်၊
တောင်းသော ရဟန်းအား ဒုက္ကဋ် အာပတ် သင့်၏။
''ရဟန်းတို့ ပုဂ္ဂိုလ်ကို ချိန်ဆ၍ အခွင့်တောင်းခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။