၂၄၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးနေ တော်မူသောအခါ
မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် ရှစ်သောင်းသော ရွာတို့၌ စိုးမိုးအုပ်ချုပ်မင်း လုပ်နေ၏။
ထိုအခါ စမ္ပာမြို့ဝယ် ကောဠိဝိသအမျိုး၌ ဖြစ်သောသောဏမည်သော သူဌေးသားသည် နူးညံ့ သိမ့်မွေ့၏၊
ထိုသောဏ၏ ခြေဖဝါးအပြင်တို့၌ အမွေးတို့သည် ပေါက်ကုန်၏။
ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် ထိုရှစ်သောင်းသော ရွာသားတို့ကို စည်းဝေးစေ၍ တစ်စုံတစ်ရာ ပြုဖွယ်ကိစ္စဖြင့် ကောဠိဝိသ အမျိုး၌ ဖြစ်သောသောဏ၏ အထံသို့ ''သောဏ လာစေ၊သောဏ၏ လာခြင်းကို အလိုရှိ၏''ဟု တမန် စေလွှတ်၏။
ထိုအခါ ကောဠိဝိသအမျိုး၌ဖြစ်သောသောဏ၏ အမိအဖတို့သည် ကောဠိဝိသအမျိုး၌ဖြစ်သောသောဏကို ''ချစ်သားသောဏ မင်းကြီးသည် သင်၏ ခြေတို့ကို ကြည့်ရှုလို၏၊ ချစ်သားသောဏ သင်သည် မင်းကြီးရှိရာ အရပ်သို့ ခြေတို့ကို မဆန့်လင့်၊ မင်းကြီး၏ ရှေ့၌ ထက်ဝယ်ဖွဲ့ခွေသဖြင့် ထိုင်နေလော့၊ မင်းကြီးသည် ထိုင်နေသော သင်၏ ခြေတို့ကို မြင်လတ္တံ့''ဟု ပြောဆိုကုန်၏။
ထိုအခါ ကောဠိဝိသအမျိုး၌ ဖြစ်သောသောဏကို ထမ်းစင်ဖြင့် ယူဆောင်ကုန်၏။
ထိုအခါ၌ ကောဠိဝိသအမျိုး၌ ဖြစ်သောသောဏသည် မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးထံသို့ ချဉ်းကပ်၍ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးကို ရှိခိုးပြီးလျှင် မင်းကြီး၏ ရှေ့၌ ထက်ဝယ်ဖွဲ့ခွေသဖြင့် ထိုင်နေ၏။
မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် ကောဠိဝိသအမျိုး၌ဖြစ်သောသောဏ၏ ခြေဖဝါး အပြင်တို့၌ ပေါက်ရောက်သော အမွေးတို့ကို မြင်၏။
ထိုအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် ထိုရှစ်သောင်းသော ရွာသားတို့ကို ပစ္စုပ္ပန်ဘဝ၌ ခံစားအပ်သော အကျိုးတို့ကို့ဆုံးမ၍ ''အချင်းတို့ ပစ္စုပ္ပန်ဘဝ၌ ခံစားအပ်သော အကျိုးစီးပွါး၌ ငါသည် သင်တို့ကို ဆုံးမအပ်ကုန်ပြီ၊ သွားကုန်လော့၊ ထိုမြတ်စွာဘုရားကို ဆည်းကပ်ကုန်လော့၊ ထိုငါတို့၏ မြတ်စွာဘုရားသည် တမလွန် ဘဝ၌ဖြစ်သော အကျိုးစီးပွါး၌ ဆုံးမလတ္တံ့''ဟု (ဆို၍) လွှတ်လိုက်၏၊
ထို့နောက် ထိုရှစ်သောင်းသော ရွာသားတို့သည် ဂိဇ္ဈကုဋ်တောင်သို့ ချဉ်းကပ်ကုန်၏။
ထိုအခါ အသျှင်သာဂတသည် မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်၏။
ထိုအခါ ထိုရှစ်သောင်းသော ရွာ သားတို့သည် အသျှင်သာဂတထံသို့ ချဉ်းကပ်၍ အသျှင်သာဂတကို ''အသျှင်ဘုရား ဤရှစ်သောင်းသော ရွာသားတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ဤကျောင်းတော်သို့ ကပ်ရောက်လာပါကုန်၏၊ တောင်းပန်ပါသည် အသျှင်ဘုရား၊ အကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ရလိုပါကုန်၏''ဟု လျှောက်ကုန်၏။
''ဒါယကာတို့ သင်တို့သည် ထိုသို့ ဖူးမြော်လိုကြမူ ငါသည် မြတ်စွာဘုရားကို လျှောက်ချေဦးအံ့၊ အနည်းငယ် တစ်ခဏမျှ ဤအရပ်၌ နေကြပါဦးလော့''ဟု (ပြောဆို၏)။
ထိုအခါ အသျှင်သာဂတသည် ကြည့်ရှုနေကြသော ထိုရှစ်သောင်းသော ရွာသားတို့ ရှေ့၌ပင် ခင်းထားသော လှေကားဦးကျောက်ဖျာ၌ ငုပ်၍ မြတ်စွာဘုရား၏ ရှေ့တော်၌ ပေါ်လျက် မြတ်စွာဘုရားကို ''အသျှင်ဘုရား ဤရှစ်သောင်းသော ရွာသားတို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ ဤကျောင်းတော်သို့ ကပ်ရောက်လာပါကုန်၏။ အသျှင်ဘုရား မြတ်စွာဘုရားသည် ယ္ခုအခါ၌ အချိန်အခါကို သိတော်မူပါလော့''ဟု လျှောက်၏။
''သာဂတ ထိုသို့ ဖူးမြော်လိုကြမူ သင်သည် ကျောင်းစွန်အရိပ်၌ နေရာကို ခင်းထားလော့''ဟု မိန့်တော်မူ၏။
''ကောင်းပါပြီ အသျှင်ဘုရား''ဟု အသျှင်သာဂတသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် အင်းပျဉ်ကို ယူ၍ မြတ်စွာဘုရား၏ ရှေ့တော်မှ ငုပ်၍ ကြည့်ရှုနေကြသော ထိုရှစ်သောင်းသော ရွာသားတို့ ရှေ့၌ပင် ခင်းထားသော လှေကားဦး ကျောက်ဖျာ၌ ပေါ်လျက် ကျောင်းစွန်အရိပ်၌ နေရာခင်းထား၏။
ထိုအခါ မြတ်စွာဘုရားသည် ကျောင်းတော်မှ ထွက်၍ ကျောင်းစွန်အရိပ်ဝယ် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။
ထိုအခါ ထိုရှစ်သောင်းသော ရွာသားတို့သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေကုန်၏။
ထိုအခါ ထိုရှစ်သောင်းသော ရွာသားတို့သည် အသျှင် သာဂတကိုသာလျှင် နှလုံးသွင်းကုန်၏၊ မြတ်စွာဘုရားကိုကား နှလုံးမသွင်းကုန်။
ထိုအခါ မြတ်စွာဘုရားသည် ထိုရှစ်သောင်းသော ရွာသားတို့၏ စိတ်အကြံကို ကိုယ်တော်၏ စိတ်တော်ဖြင့် သိ၍ အသျှင် သာဂတကို ''သာဂတ သို့ဖြစ်လျှင် သင်သည် အတိုင်းထက်အလွန် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တရားဖြစ်သော တန်ခိုးပြာဋိဟာကို ပြလော့''ဟု မိန့်တော်မူ၏။
''ကောင်းပါပြီ အသျှင်ဘုရား''ဟု အသျှင်သာဂတသည် မြတ်စွာဘုရားအား ဝန်ခံပြီးလျှင် ကောင်း ကင်သို့ ပျံတက်၍ ရေးခြစ်မထင် ထက်ကောင်းကင်၌ စင်္ကြံလည်း သွား၏၊ ရပ်လည်းရပ်၏၊ ထိုင်လည်း ထိုင်၏၊ အိပ်ခြင်းကိုလည်း ပြု၏၊ အခိုးကိုလည်း လွှတ်၏၊ အလျှံကိုလည်း လွှတ်၏၊ ကွယ်လည်း ကွယ် ပျောက်၏၊
ထို့နောက် အသျှင်သာဂတသည် ရေးခြစ်မထင် ထက်ကောင်းကင်၌ လူတို့၏ ကုသိုလ်ကမ္မပထ တရား ဆယ်ပါးထက် လွန်မြတ်သော တရားဖြစ်သော များစွာသော တန်ခိုးပြာဋိဟာကို ပြပြီးလျှင် မြတ်စွာဘုရား၏ ခြေတို့၌ ဦးခိုက်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာပါတည်း၊ အကျွန်ုပ်သည် တပည့်ပါတည်း။ အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ ဆရာပါ တည်း၊ အကျွန်ုပ်သည် တပည့်ပါတည်း''ဟု လျှောက်၏။
ထိုအခါ ထိုရှစ်သောင်းသော ရွာသားတို့သည် ''အချင်းတို့ အံ့ဖွယ်ဖြစ်၏၊ မဖြစ်ဖူးမြဲဖြစ်၏၊ တပည့်သော်မှလည်း ဤသို့ တန်ခိုးကြီးသေး၏။ ဤသို့ အာနုဘော်ကြီးသေး၏၊ ဆရာမူကား သာလွန်၍ အံ့ဩ့ဖွယ် မဖြစ်ပါလော''ဟု (အောက်မေ့ကြကာ) မြတ်စွာဘုရားကိုသာလျှင် နှလုံးသွင်းကုန်၏၊ အသျှင်သာဂတ ကိုကား နှလုံးမသွင်းကုန်။
ထိုအခါ မြတ်စွာဘုရားသည် ထိုရှစ်သောင်းသော ရွာသားတို့၏ စိတ်အကြံကို ကိုယ်တော်၏ စိတ်ဖြင့် သိတော်မူ၍ အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤသည်တို့ကား အဘယ်နည်း- ဒါနနှင့်စပ်သောစကား သီလနှင့်စပ်သောစကား နတ်ပြည်နှင့်စပ်သောစကား ကာမဂုဏ်တို့၏ အပြစ် ယုတ်ညံ့ခြင်း ညစ်ညူးခြင်း (ကာမဂုဏ်) တို့မှ ထွက်မြောက်ခြင်း၌ အကျိုးတို့ကို ပြတော်မူ၏။
မြတ်စွာဘုရားသည် ထိုရှစ်သောင်းသော ရွာသားတို့၌ ခံ့သောစိတ် နူးညံ့သောစိတ် အပိတ်အပင် 'နီဝရဏမှ' ကင်းသောစိတ် တက်ကြွသောစိတ် ယုံကြည်သောစိတ်ရှိသည်ကို သိတော်မူသောအခါ မြတ်စွာ ဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော်သိမြင်ပြီးသော 'သာမုက္ကံသိက' တရားဒေသနာတော်ဖြစ်သော ဆင်းရဲခြင်း 'ဒုက္ခသစ္စာ' ကိုလည်းကောင်း ဆင်းရဲဖြစ်ကြောင်း 'သမုဒယသစ္စာ' ကိုလည်းကောင်း ဆင်းရဲချုပ်ရာ 'နိရောဓ သစ္စာ' ကိုလည်းကောင်း ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် 'မဂ္ဂသစ္စာ' ကိုလည်းကောင်း ပြတော်မူ၏၊
မည်းညစ်ခြင်းကင်း၍ ဖြူစင်သော အဝတ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူရာသကဲ့သို့ ထိုရှစ်သောင်းသော ရွာသားတို့အား ထိုနေရာ၌ပင်လျှင် ''ဖြစ်ခြင်း သဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘောရှိ၏''ဟု ကိလေသာမြူအညစ်အကြေးမှ ကင်းသော တရားမျက်စိ 'သောတာပတ္တိမဂ်ဉာဏ်' သည် ဖြစ်ပေါ်၏။
ထိုရှစ်သောင်းသောရွာသားတို့သည် တရားကို မြင်ပြီးသည်ဖြစ်၍ တရားသို့ ရောက်ပြီးသည်ဖြစ်၍ တရားကို သိပြီးသည်ဖြစ်၍ တရားသို့ သက်ဝင်ပြီးသည်ဖြစ်၍ ယုံမှားခြင်းကို ကူးမြောက်ပြီးသည်ဖြစ်၍ သို့လော သို့လော (တွေးတောခြင်း) ကင်းပြီးသည်ဖြစ်၍ မြတ်စွာဘုရား သာသနာတော်၌ ရဲရင့်ခြင်းသို့ ရောက်ပြီးသည်ဖြစ်၍ ဘုရားမှ တစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ မြတ်စွာဘုရားအား-
''အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရား တော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊
အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း 'မျက်စိရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်'ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း အသျှင်ဘုရား ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားကို ပြတော်မူပါပေ၏၊
အသျှင်ဘုရား ထိုအကျွန်ုပ်တို့သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊
တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊
မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါ''ဟု လျှောက်ကုန်၏။