၇။ ထို့နောက် မြတ်စွာဘုရားသည် ခုနစ်ရက်လွန်သဖြင့် ထို (အရဟတ္တဖိုလ်) သမာဓိမှ ထတော်မူ၍ လင်းလွန်းပင်ရင်းမှ ဆိတ်ကျောင်းညောင်ပင်သို့ ချဉ်းကပ်၍
ထိုဆိတ်ကျောင်းညောင်ပင်ရင်း၌ နေတော်မူ၏။
ထိုအခါ ဆိတ်ကွယ်ရာသို့ ကပ်လျက် တစ်ပါးတည်း ကိန်းအောင်းနေတော်မူစဉ် မြတ်စွာဘုရားအား ဤသို့ စိတ်အကြံ ဖြစ်တော်မူ၏-
''ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာမဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။
ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန် နှစ်ခြိုက်ကုန်၏၊
ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်ကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်းဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏၊
ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိ၁အားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာ ဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။
ငါသည်လည်း တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနား မလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်း) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏''ဟု စိတ်အကြံဖြစ်တော်မူ၏)။
ထို့ပြင် အလွန်အံ့ဩဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲ မြတ်စွာ ဘုရား၏ စိတ်တော်၌ ထင်ပေါ်လာပြန်ကုန်၏-
'ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊
ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။
အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို
မြင်နိုင်ကြမည် မဟုတ်ချေ'ဟု (စိတ်တော်၌ ထင်ပေါ်လာပြန်ကုန်၏)။
ဤသို့ ဆင်ခြင်တော်မူစဉ် မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူဘဲကြောင့်ကြမဲ့နေရန် ညွတ်တော်မူ၏။
၈။ ထိုအခါ မြတ်စွာဘုရား၏ စိတ်အကြံကို မိမိစိတ်ဖြင့် သိ၍ သဟမ္ပတိ ဗြဟ္မာအား- ''အချင်းတို့ လောကသည် ပျက်စီးတော့မည်တကား၊ အချင်းတို့ လောကသည် ပျက်စီးတော့ မည်တကား၊ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ စိတ်နှလုံးတော်သည် တရားဟောရန် ညွတ်တော်မမူဘဲကြောင့်ကြ့မဲ့နေရန် ညွတ်တော်မူတုံဘိ၏''ဟု အကြံဖြစ်ပေါ်လေ၏။
ထို့နောက် ခွန်အားရှိသော ယောက်ျားသည် ကွေးထားသော လက်ရုံးကို ဆန့်သကဲ့သို့လည်းကောင်း၊ ဆန့်ထားသော လက်ရုံးကို ကွေးသကဲ့သို့လည်းကောင်း သဟမ္ပတိဗြဟ္မာသည် ဗြဟ္မာ့ဘုံမှ ကွယ်ခဲ့ပြီးလျှင် မြတ်စွာဘုရား၏ ရှေ့တော်၌ ထင်ရှားပေါ်လာ၏။
ထိုအခါ သဟမ္ပတိဗြဟ္မာသည် အပေါ်ရုံကို ပခုံးတစ်ဖက်၌ တင်၍ လက်ယာဒူးကို မြေ၌ ထောက်လျက် မြတ်စွာဘုရားသို့ လက်အုပ်ချီပြီးလျှင်-
''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊
(ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။
သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကိုလည်း လျှောက်ပြန်၏-
''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊
အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊
အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။
ကောင်းမြတ်သော ပညာ့ရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိ ရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင် ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှု့ တော်မူပါလော့။
ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား ထတော်မူပါလော့။
ယာဉ်မှူးနှင့်တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။
ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။
(တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။
ဤသို့ လျှောက်သော် မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာအား ဤစကားကို မိန့်တော်မူ၏-
''ဗြဟ္မာ ငါ့အားလည်း ဤသို့သော အကြံသည် ဖြစ်၏။
'ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။
ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကုန်၏၊
ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန် နှစ်ခြိုက်ကြသော ဤသတ္တဝါများသည် အကျိုးတရားတို့၏ အကြောင်း တရားဖြစ်သော ဤပဋိစ္စသမုပ္ပါဒ် တရားကို မြင်နိုင်ခဲ၏၊
ပြုပြင်မှုအားလုံး၏ငြိမ်းရာ ဥပဓိအားလုံးကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။
ငါသည် တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနားမလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်း) သည် ငါ့အား ပင်ပန်းရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏ '၊ ဤသို့ (အကြံဖြစ်ဟု မိန့်တော်မူ၏) ''။
ဗြဟ္မာ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးကမကြားဖူးဘဲ ငါ၏ (စိတ် ထဲ၌) ထင်ပေါ်လာပြန်ကုန်၏-
'ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊
ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ၊
အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို မြင်နိုင်ကြမည် မဟုတ်ချေဟု (ငါ၏ စိတ်ထဲ၌ ထင်ပေါ်လာပြန်ကုန်၏)။
ဗြဟ္မာ ဤသို့ ဆင်ခြင်စဉ် ငါ၏စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲ ကြောင့်ကြမဲ့နေရန် ညွတ်ခဲ့၏''ဟု (မိန့်တော်မူ၏)။
နှစ်ကြိမ်မြောက်လည်း သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားအား-
''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊
(ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။
ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကို လျှောက်ပြန်၏-
''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊
အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊
အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။
ကောင်းမြတ်သော ပညာ့ရှင် ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင်ထိပ်၌ ရပ်တည်လျက် ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေး ကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက်အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့် ရှုတော်မူပါလော့။
ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား၊ ထတော်မူပါလော့၊
ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။
ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။
(တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။
နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားသည် သဟမ္ပတိဗြဟ္မာအား ဤစကားကို မိန့်တော်မူ၏-
''ဗြဟ္မာ စင်စစ် ငါ့အားလည်း ဤသို့သော အကြံ ဖြစ်ဖူး၏။
'ငါသိအပ်ပြီးသော ဤတရားကား နက်နဲ၏၊ မြင်နိုင်ခဲ၏၊ သိနိုင်ခဲ၏၊ ငြိမ်သက်၏၊ မွန်မြတ်၏၊ တက္ကီပုဂ္ဂိုလ်တို့၏ ကျက်စားရာ မဟုတ်၊ သိမ်မွေ့၏၊ ပညာရှိတို့သာ သိနိုင်၏။
ဤသတ္တဝါများကား ကာမဂုဏ်တို့၌ မွေ့လျော်ကုန်၏၊ ကာမဂုဏ်တို့၌ ပျော်ပိုက်ကုန်၏၊ ကာမဂုဏ်တို့၌ အလွန်နှစ်ခြိုက်ကုန်၏၊
ကာမဂုဏ်တို့၌ မွေ့လျော်ပျော်ပိုက် အလွန်နှစ်ခြိုက်ကြသော ဤသတ္တဝါများကား အကျိုးတရားတို့၏ အကြောင်း တရားဖြစ်သော ဤပဋိစ္စသမုပ္ပါဒ်တရားကို မြင်နိုင်ခဲ၏၊
ပြုပြင်မှုအားလုံး၏ ငြိမ်းရာ ဥပဓိအားလုံး ကို ပယ်စွန့်ရာ တဏှာ၏ကုန်ရာ ရာဂ၏ ကင်းရာ ချုပ်ရာ ငြိမ်းရာဖြစ်သော ဤ (နိဗ္ဗာန်) တရားကိုလည်း မြင်နိုင်ခဲ၏။
ငါသည်လည်း တရားကို ဟောငြားအံ့၊ သူတစ်ပါးတို့သည်လည်း ငါ၏ တရားကို မသိနားမလည်နိုင်ကုန်ငြားအံ့၊ သို့ဖြစ်လျှင် ထို (တရားဟောခြင်းသည်) ငါ့အား ပင်ပန်း ရုံသာ ဖြစ်ရာ၏၊ ငါ့ကိုယ် (ငါ) ညှဉ်းဆဲခြင်းသာ ဖြစ်ရာ၏''ဟု အကြံဖြစ်ဖူး၏)။
ဗြဟ္မာ ထို့ပြင် အလွန်အံ့ဖွယ်ကောင်းသော ဤဂါထာတို့သည်လည်း ရှေးက မကြားဖူးဘဲ ငါ၏့ (စိတ်ထဲ၌) ထင်ပေါ်လာပြန်ကုန်၏-
''ငါသည် ခဲယဉ်းစွာ ကျင့်သဖြင့် သိအပ်ပြီးသော တရားကို ယခုအခါ ဟောပြခြင်းငှါ မသင့်လျော်ချေ၊
ရာဂ ဒေါသ နှိပ်စက်အပ်သော သူတို့သည် ဤတရားကို လွယ်ကူစွာ သိနိုင်ကြမည် မဟုတ်ချေ။
အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်သည် ဖုံးလွှမ်းအပ်သည် ဖြစ်၍ ရာဂတပ်စွဲနေသော သူတို့သည် သိမ်မွေ့နက်နဲ၍ အဏုမြူသဖွယ် မြင်နိုင်ခဲသော (သံသရာ) အဆန် တရားကို မြင်နိုင်ကြမည် မဟုတ်ချေ''ဟု (စိတ်ထဲ၌ ထင်ပေါ်လာပြန်ကုန်၏)။
ဗြဟ္မာ ဤသို့ဆင်ခြင်စဉ် ငါ၏ စိတ်နှလုံးသည် တရားဟောရန် မညွတ်ဘဲကြောင့်ကြမဲ့နေရန်သာ ညွတ်ခဲ့၏''ဟု (မိန့်တော်မူ၏)။
သုံးကြိမ်မြောက်လည်း သဟမ္ပတိဗြဟ္မာသည် မြတ်စွာဘုရားအား-
''မြတ်စွာဘုရား ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် တရားဟောတော်မူပါလော့၊
(ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တဝါတို့သည် ရှိပါကုန်၏၊ (ထိုသတ္တဝါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေပါကုန်၏၊ တရားကို သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု လျှောက်၏။
သဟမ္ပတိဗြဟ္မာသည် ဤစကားကို လျှောက်ပြီးနောက် ထိုမှတစ်ပါး ဤစကားကိုလည်း လျှောက် ပြန်၏-
''ရှေးအခါ မဂဓတိုင်းတို့၌ (ရာဂစသော) အညစ်အကြေးရှိသူ ဂိုဏ်းဆရာကြီးတို့ ကြံဆအပ်သော မစင်ကြယ်သော မိစ္ဆာအယူတရားသည် ထင်ရှားဖြစ်ပေါ်ခဲ့ပါသည်၊
အမြိုက်နိဗ္ဗာန်၏ တံခါးကို ဖွင့်လှစ်တော်မူပါလော့၊
အညစ်အကြေး ကင်းဝေးတော်မူသော မြတ်စွာဘုရားသည် သဘာဝနှင့်အလျော် သိတော်မူအပ်သော (သစ္စာလေးပါး) တရားကို (သတ္တဝါအများ) နာကြားကြပါစေကုန်လော့။
ကောင်းမြတ်သော ပညာ့ရှင်ဖြစ်တော်မူသော မြတ်စွာဘုရား၊ ထက်ဝန်းကျင် (မြင်စွမ်းနိုင်သော ဉာဏ်) မျက်စိရှိတော်မူသော မြတ်စွာဘုရား၊ ကျောက်တောင်ထိပ်၌ ရပ်တည်လျက်ရှိသော ယောက်ျားသည် ထက်ဝန်းကျင် လူအပေါင်းကို ကြည့်ရှုသကဲ့သို့ ထို့အတူ စိုးရိမ်ပူဆွေးကင်းဝေးတော်မူသော အသျှင်ဘုရားသည် ပညာ (ဓမ္မ)ဖြင့် ပြီးသော ပြာသာဒ်ထက်သို့ တက်တော်မူ၍ ပဋိသန္ဓေနေခြင်း အိုခြင်းတို့ နှိပ်စက် အပ်သဖြင့် စိုးရိမ်ပူဆွေးခြင်းသို့ သက်ဆင်းကျရောက်နေသော သတ္တဝါအပေါင်းကို ကြည့်ရှုတော်မူပါလော့။
ရဲရင့်တော်မူသော မြတ်စွာဘုရား၊ အောင်ပွဲယင်တော်မူပြီးသော မြတ်စွာဘုရား၊ ထတော်မူပါလော့။
ယာဉ်မှူးနှင့် တူတော်မူသော မြတ်စွာဘုရား၊ (ကိလေသာ) ကြွေး ကင်းဝေးတော်မူသော မြတ်စွာဘုရား လောက၌ လှည့်လည်တော်မူပါလော့။
ဘုန်းတော် ကြီးသော မြတ်စွာဘုရား တရားဟောတော်မူပါလော့။
(တရားကို) သိသူတို့သည် ရှိပါကုန်လတ္တံ့''ဟု (လျှောက်ပြန်၏)။
၉။ ထိုအခါ မြတ်စွာဘုရားသည် ဗြဟ္မာ၏ တောင်းပန်ခြင်းကို အသိအမှတ် ပြုုပြီးလျှင် သတ္တဝါတို့၌ သနားခြင်းကိုလည်း အကြောင်းပြု၍ ဗုဒ္ဓစက္ခုဖြင့်၂ လောကကို ကြည့်တော်မူ၏၊
မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ ဣန္ဒြေနုသေးသောသူ၊ ကောင်းသော အခြင်းအရာရှိသူ မကောင်းသော အခြင်းအရာရှိသူ၃၊ သိစေရန် လွယ်ကူသူ သိစေရန် ခက်ခဲသူ၊ တမလွန် လောက အပြစ်တို့ကို ဘေးဟု ရှုလျက် နေလေ့ရှိသူအချို့နှင့် တမလွန်လောက အပြစ်တို့ကို ဘေးဟု ရှုလျက် နေလေ့မရှိသူအချို့တို့ကို မြင်တော်မူ၏၊
ဥပမာသော်ကား ဥပ္ပလကြာ၄တော၌လည်းကောင်း၊ ပဒုမ္မာကြာတော၌လည်းကောင်း၊ ပုဏ္ဍရိက်ကြာတော၌လည်းကောင်း အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေမှ မပေါ်ထွက်သေးကုန်၊ ရေထဲ၌ မြုပ်၍ ဖွံ့ဖြိုးကုန်၏၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက်ကြာတို့သည် ရေ၌့ပေါက်ကုန်၏။ ရေ၌ ကြီးပွါးကုန်၏၊ ရေနှင့်အညီ တည်ကုန်၏၊ အချို့သော ဥပ္ပလကြာ ပဒုမ္မာကြာ ပုဏ္ဍရိက် ကြာတို့သည် ရေ၌ ပေါက်ကုန်၏၊ ရေ၌ ကြီးပွားကုန်၏၊ ရေပေါ်သို့ တက်၍ တည်ကုန်၏၊ ရေနှင့် မလိမ်းကပ်ကုန်၊ ဤ အတူသာလျှင် မြတ်စွာဘုရားသည် ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်တော်မူလတ်သော် (ပညာ) မျက်စိ၌ (ကိလေသာ) မြူနည်းပါးသူ၊ (ပညာ) မျက်စိ၌ (ကိလေသာ) မြူများပြားသူ၊ ဣန္ဒြေရင့်ကျက်ပြီးသူ ဣန္ဒြေ နုသေးသူ၊ ကောင်းသော အခြင်းအရာရှိသူ မကောင်းသော အခြင်းအရာရှိသူ၊ သိစေရန် လွယ်ကူသူ၊ သိစေရန် ခက်ခဲသူ၊ တမလွန်လောက အပြစ်တို့ကို ဘေးဟု ရှုလေ့ရှိသူအချို့နှင့် တမလွန်လောက အပြစ် တို့ကို ဘေးဟု မရှုဘဲ နေလေ့ရှိသူ အချို့တို့ကို မြင်တော်မူသောကြောင့်
သဟမ္ပတိဗြဟ္မာအား-
'' ဗြဟ္မာ လေ့လာပြီးသော တရားမြတ်ကို ပင်ပန်းရုံသာဟု အမှတ်ရှိသည်ဖြစ်၍ လူတို့အား မဟောခဲ့ပြီ (မဟောဘဲ နေရန် အကြံ ဖြစ်ခဲ့ပြီ)၊ ပညာတည်းဟူသော နားနှင့်ပြည့်စုံသော သူတို့သည် ယုံကြည်ခြင်း (သဒ္ဓါတရား) ကို စေလွှတ်ကြကုန်လော့၊ ထိုသူတို့အတွက် နိဗ္ဗာန်တံခါးကို ငါဖွင့်အပ်ပြီ''ဟု ဂါထာဖြင့် မိန့်တော်မူ၏။
ထိုအခါ သဟမ္ပတိဗြဟ္မာသည် ''မြတ်စွာဘုရားသည် တရားဟောရန် ငါ့အား ခွင့်ပြုတော်မူပြီ''ဟု (သိသဖြင့်) မြတ်စွာဘုရားကို ရှိခိုးလျက် အရိုအသေပြုပြီးလျှင် ထိုနေရာ၌ပင် ကွယ်သွားလေ၏။
ဗြဟ္မာတောင်းပန်ခြင်း ပြီး၏။
၁။ ဥပဓိ= တည်ရာ၊ ချမ်းသာဆင်းရဲတို့၏ တည်ရာ၊ ဝါ- ဘေး။
၂။ ဗုဒ္ဓစက္ခုဖြင့်= (၁) သတ္တဝါတို့၏ ဣန္ဒြေအနုအရင့်ကို သိသော ဣန္ဒြိယပရောပရိယတ္တိဉာဏ် (၂) သတ္တဝါတို့၏ စိတ်ဓာတ်ကိန်းဝပ်ရာ အာသယနှင့် အနုသယကိလေသာတို့ကို သိသော အာသယာနုသယဉာဏ် ဤဉာဏ်နှစ်ပါးကို ဗုဒ္ဓစက္ခုဟု ခေါ်သည်။
၃။ အခြင်းအရာရှိသူ= အခြားပါဠိတော်များ၌ ဒွါကာရေ ဒုဝိညာပယေ အပ္ပေကစ္စေ န ပရလောက ဝဇ္ဇဘယဒဿာဝိနေ ဝိဟရန္တေ ပုဒ်များမပါ။
၄။ ဥပ္ပလကြာ= ကြာဖြူ ကြာနီ ကြာညို။