Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

63. Upasampadāvidhi

Author: my-tipitaka @ visuddhinanda

၁၂၅။ တစ်ရံရောအခါ နူနာ၊ အိုင်းအမာ 'လည်ပင်းကြီးနာ'၊ ယားယံနာ၊ ခယရုဂ်ချောင်းဆိုးနာ၊ ရူးသွပ်သော ရောဂါရှိသော ရဟန်းတို့ကို တွေ့မြင်ရကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ပဉ္စင်းခံပေးသော ရဟန်းသည် (ရဟန်းအဖြစ်၏) အန္တရာယ်ကို ပြုတတ်သော တစ်ဆယ့်သုံးပါးသော အကြောင်းအရာတို့ကို မေးခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့ မေးရမည်၊
''သင့်အား နူနာ အိုင်းအမာ 'လည်ပင်းကြီးနာ' ယားယံနာ ခယရုဂ်ချောင်းဆိုးနာ ဝက်ရူးကြက်ရူးစသော ရူးသွပ်သောအနာ ဤသို့သော အနာရောဂါတို့သည် ရှိကုန် သလော၊
လူသားစင်စစ် ဖြစ်၏လော၊
ယောက်ျားစစ် ဖြစ်၏လော၊
(ကျွန်အဖြစ်မှ) တော်လှန်ပြီးသူ ဖြစ်၏လော၊
ကြွေးမြီကင်းသူ ဖြစ်၏လော၊
မင်းခစား မင်းမှုထမ်းမဟုတ်သူ ဖြစ်၏လော၊
အမိအဖတို့က (ရဟန်းပြုရန်) ခွင့်ပြုသူ ဖြစ်၏လော၊
အသက်နှစ်ဆယ်ပြည့်သူ ဖြစ်၏လော၊
သင့်အား သပိတ်သင်္ကန်း ပြည့်စုံ၏လော၊
သင်သည် အဘယ်အမည်ရှိသနည်း၊
သင်၏ ဥပဇ္ဈာယ်ဆရာသည် အဘယ်အမည် ရှိသနည်း''ဟု မေးရမည်ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ရဟန်းတို့သည် ပဉ္စင်းလောင်းတို့ကို (ရှေးဦးစွာ) မဆုံးမသေးဘဲ အန္တရာယ်ကို ပြုတတ်သော အကြောင်းအရာတို့ကို မေးကုန်၏။
ပဉ္စင်းလောင်းတို့သည် ရွံ့တီးရွံ့တွန့် ဖြစ်ကုန်၏၊ မျက်နှာမသာမယာဖြစ်ကုန်၏၊ ဖြေဆိုခြင်းငှါ မတတ်နိုင်ကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ရှေးဦးစွာ ဆုံးမပြီးနောက်မှ အန္တရာယ်ကို ပြုတတ်သော သဘော တရားတို့ကို မေးခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
(ရဟန်းတို့သည်) ထိုသံဃာ့အလယ်၌ပင်လျှင် ဆုံးမကုန်၏၊
ပဉ္စင်းလောင်းတို့သည် ရှေးနည်းအတူ ပင်လျှင် ရွံ့တီးရွံ့တွန့် ဖြစ်ကုန်၏၊ မျက်နှာမသာမယာ ဖြစ်ကုန်၏၊ ဖြေဆိုခြင်းငှါ မတတ်နိုင်ကုန်။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ သင့်လျော်ရာနေရာ၌ ဆုံးမပြီးမှ သံဃာ့ အလယ်၌ အန္တရာယ်ကို ပြုတတ်သော အကြောင်းအရာတို့ကို မေးခြင်းငှါ ခွင့်ပြု၏''။
ရဟန်းတို့ ဤသို့ ဆုံးမရမည် -
၁၂၆။ ရှေးဦးစွာ ပဉ္စင်းလောင်းကို ဥပဇ္ဈာယ်ယူစေရမည်၊
ထိုနောက် သပိတ်သင်္ကန်းကို ပြောကြား ရမည်၊ ဤအရာသည် သင်၏ သပိတ်တည်း၊ ဤအရာသည် သင်၏ ဒုကုဋ်တည်း၊ ဤအရာသည် သင်၏ ကိုယ်ဝတ်တည်း၊ ဤအရာသည် သင်၏ သင်းပိုင်တည်း၊
သွားချေလော့၊ ဤမည်သောအရပ်၌ နေချေဦးဟု ပြောဆိုရမည်ဟု (မိန့်တော်မူ၏)။
ကျွမ်းကျင်လိမ္မာခြင်းမရှိသော ရဟန်းတို့သည် မကောင်းသဖြင့် ဆုံးမကုန်သည်ရှိသော် ပဉ္စင်းလောင်း တို့သည် ရွံ့တီးရွံ့တွန့် ဖြစ်ကုန်၏၊ မျက်နှာမသာမယာ ဖြစ်ကုန်၏၊ ဖြေဆိုခြင်းငှါ မတတ်နိုင်ကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ ကျွမ်းကျင်လိမ္မာခြင်းမရှိသော ရဟန်းသည် မဆုံးမအပ်၊
ဆုံးမသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု (မိန့်တော်မူ၏)။
ရဟန်းတို့ ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းအား ဆုံးမခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
သမ္မုတိမရသော ရဟန်းတို့သည် ဆုံးမကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ သမ္မုတိမရသော ရဟန်းသည် မဆုံးမအပ်၊
ဆုံးမသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏၊
ရဟန်းတို့ သမ္မုတိရသော ရဟန်းအား ဆုံးမခြင်းငှါ ခွင့်ပြု၏''။
ရဟန်းတို့ ဤသို့ သမ္မုတိပေးရမည်- မိမိကိုယ်တိုင် မိမိကိုယ်ကို သမ္မုတိပေးရမည်၊ သို့မဟုတ် တစ်ပါးသော ရဟန်းသည် တစ်ပါးသော ရဟန်းကို သမ္မုတိပေးရမည်။
မိမိကိုယ်တိုင် မိမိကိုယ်ကို အဘယ်သို့ သမ္မုတိပေးအပ်သနည်း၊
ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ပဉ္စင်းလောင်းသည် ဤမည်သော အသျှင်ကို (အကြောင်းပြု၍) ပဉ္စင်းဖြစ်လို၏၊
အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အကျွန်ုပ်သည် ဤမည်သော ပဉ္စင်း လောင်းကို ဆုံးမပါအံ့''ဟု
ဤသို့ မိမိကိုယ်တိုင် မိမိကိုယ်ကို သမ္မုတိပေးရမည်။
တစ်ပါးသော ရဟန်းသည် တစ်ပါးသော ရဟန်းကို အဘယ်သို့ သမ္မုတိပေးအပ်သနည်း၊
ကျွမ်း ကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ပဉ္စင်းလောင်းသည် ဤမည်သော အသျှင်ကို (အကြောင်းပြု၍) ပဉ္စင်းဖြစ်လို၏၊
အကယ်၍ သံဃာ အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ ဤမည်သော ရဟန်းသည် ဤမည်သော ပဉ္စင်းလောင်းကို ဆုံးမရာ၏''ဟု
ဤသို့ တစ်ပါးသော ရဟန်းသည် တစ်ပါးသော ရဟန်းကို သမ္မုတိပေးရမည်။
သမ္မုတိရပြီးသော ထိုရဟန်းသည် ပဉ္စင်းလောင်းသို့ ချဉ်းကပ်၍
''ပဉ္စင်းလောင်း့ နားထောင်လော့၊ ဤအခါသည်ကား သင်၏ အမှန်ကိုသာဆိုရမည့် အခါတည်း၊ အဟုတ်ကိုသာ ဆိုရမည့်အခါတည်း၊
(မိမိကိုယ်တွင်) ဖြစ်ပေါ်သော သဘောကို သံဃာ့အလယ်၌ ငါတို့ မေးစိစစ်သည်ရှိသော် ''ထင်ရှားရှိသည် ကို ရှိပါ၏၊ ထင်ရှားမရှိသည်ကို မရှိပါ''ဟု ပြောဆိုရမည်၊
ရွံ့တီးရွံ့တွန့် မဖြစ်လင့်၊ မျက်နှာမသာမယာ မဖြစ်လင့်၊
ဤဆိုလတ္တံ့သည့်အတိုင်း သင့်ကို မေးစိစစ်ကုန်လတ္တံ့။
သင့်ကိုယ်တွင် နူနာ အိုင်းအမာ 'လည်ပင်းကြီး' နာ ယားယံနာ ခယရုဂ်ချောင်းဆိုးနာ ဝက်ရူး ကြက်ရူးစသော ရူးသွပ်သောအနာ ဤသို့သော အနာတို့သည် ရှိကုန်သလော၊
လူသား စင်စစ် ဖြစ်၏လော၊
ယောက်ျားစစ် ဖြစ်၏လော၊
(ကျွန်အဖြစ်မှ) တော်လှန်ပြီးသူ ဖြစ်၏လော၊
သူ့ကြွေးသူ့မြီကင်းသူ ဖြစ်၏လော၊
မင်းခစား မင်းမှုထမ်း မဟုတ်သူ ဖြစ်၏လော၊
အမိအဖ တို့က (ရဟန်းပြုရန်) ခွင့်ပြု၏လော၊
အသက်နှစ်ဆယ် ပြည့်၏လော၊
သင့်အား သပိတ်သင်္ကန်း ပြည့်စုံ၏လော၊
သင်သည် အဘယ်အမည် ရှိသနည်း၊
သင်၏ ဥပဇ္ဈာယ်ဆရာသည် အဘယ်အမည် ရှိသနည်း'' (ဤသို့ မေးစိစစ်ကုန်လတ္တံ့) ဟူ၍ ပြောဆိုရမည်။
(ဆုံးမသော ဆရာနှင့် ပဉ္စင်းလောင်းတို့သည် သံဃာ့ပရိသတ်သို့) တစ်ပြိုင်နက် အတူလာကုန်၏။
ရဟန်းတို့ တစ်ပြိုင်နက် မလာအပ်၊
ဆုံးမသော ဆရာသည် ရှေးဦးစွာ လာ၍ သံဃာကို သိစေရမည်-
''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ပဉ္စင်းလောင်းသည် ဤမည်သော အသျှင်ကို (အကြောင်းပြု၍) ပဉ္စင်းဖြစ်လို၏၊
အကျွန်ုပ်သည် ထို ပဉ္စင်းလောင်းကို ဆုံးမအပ်ပါပြီ၊
အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ ဤမည်သော ပဉ္စင်းလောင်းသည် လာရာ၏''ဟု (သိစေရမည်)။
''လာလော့''ဟု ပြောရမည်။
(ရဟန်းလောင်းအား) လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်စေ၍ ရဟန်းတို့၏ ခြေတို့ကို ရှိခိုးစေပြီးလျှင် ဆောင့်ကြောင့်ထိုင်စေကာ လက်အုပ်ချီစေလျက် ''အသျှင်ဘုရားတို့ (အကျွန်ုပ်သည်) သံဃာအား ပဉ္စင်းအဖြစ်ကို တောင်းပါ၏၊ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်အား အစဉ် သနားခြင်းကို အကြောင်းပြု၍ ပဉ္စင်းခံပေးတော်မူပါလော့။ အသျှင်ဘုရားတို့ နှစ်ကြိမ်မြောက်လည်း။ပ။ အသျှင်ဘုရားတို့ သုံးကြိမ်မြောက်လည်း။ပ။ ပဉ္စင်းခံပေးတော်မူပါလော့''ဟု ပဉ္စင်းအဖြစ်ကို တောင်းစေရ မည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ပဉ္စင်းလောင်းသည် ဤမည်သော အသျှင်ကို (အကြောင်းပြု၍) ပဉ္စင်းဖြစ်လို၏၊
အကယ်၍ သံဃာ အား လျောက်ပတ်သော အခါရှိသောကံသည် ဖြစ်ငြားအံ့၊ အကျွန်ုပ်သည် ဤမည်သော ပဉ္စင်း လောင်းအား အန္တရာယ်ကို ပြုတတ်သော သဘောတရားတို့ကို မေးပါအံ့''ဟု (သိစေရမည်)။
ပဉ္စင်းလောင်း့ နားထောင်လော့၊ ဤအခါသည်ကား သင်၏ အမှန်ကိုသာ ဆိုရမည့် အခါတည်း၊ အဟုတ်ကိုသာ ဆိုရမည့်အခါတည်း၊
(သင်၏ကိုယ်တွင်) ဖြစ်ပေါ်သည့် သဘောကို ငါမေးပေအံ့၊
''ထင်ရှား ရှိသည်ကို ရှိပါ၏၊ ထင်ရှားမရှိသည်ကို မရှိပါ''ဟု ပြောဆိုရမည်။
သင့်ကိုယ်တွင် နူနာ အိုင်းအမာ 'လည်ပင်းကြီးနာ' ယားယံနာ ခယရုဂ်ချောင်းဆိုးနာ ဝက်ရူးကြက်ရူးစသော ရူးသွပ်သောအနာ ဤသို့သော အနာတို့သည် ရှိကုန်သလော၊ လူစင်စစ် ဖြစ်၏လော၊ ယောက်ျားစစ် ဖြစ်၏လော၊ (ကျွန်အဖြစ်မှ) တော် လှန်ပြီးသူ ဖြစ်၏လော၊ သူ့ကြွေး သူ့မြီကင်းသူ ဖြစ်၏လော၊ မင်းခစား မင်းမှုထမ်း မဟုတ်သူ ဖြစ်၏ လော၊ အမိအဖတို့က (ရဟန်းပြုရန်) ခွင့်ပြု၏လော၊ အသက်နှစ်ဆယ် ပြည့်၏လော၊ သင့်အား သပိတ် သင်္ကန်း ပြည့်စုံ၏လော၊ သင်သည် အဘယ်အမည်ရှိသနည်း၊ သင်၏ ဥပဇ္ဈာယ်ဆရာသည် အဘယ်အမည် ရှိသနည်းဟု မေးရမည်။
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
၁၂၇။ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ပဉ္စင်းလောင်းသည် ဤမည်သော အသျှင်ကို (အကြောင်းပြု၍) ပဉ္စင်းဖြစ်လို၏၊ အန္တရာယ်ကို ပြုတတ်သော သဘောတရားတို့မှ စင်ကြယ်၏၊ ထိုပဉ္စင်းလောင်းအား သပိတ်သင်္ကန်း ပြည့်စုံ၏၊
ဤမည်သော ပဉ္စင်းလောင်းသည် သံဃာအား ပဉ္စင်းအဖြစ်ကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် တောင်း၏၊
အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ပဉ္စင်းလောင်းကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် ပဉ္စင်းခံရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ပဉ္စင်းလောင်းသည် ဤမည်သော အသျှင်ကို (အကြောင်းပြု၍) ပဉ္စင်းဖြစ်လို၏၊ အန္တရာယ်ကို ပြုတတ်သော သဘောတရားတို့မှ စင်ကြယ်၏၊ ထိုပဉ္စင်းလောင်းအား သပိတ်သင်္ကန်း ပြည့်စုံ၏၊
ဤမည်သော ပဉ္စင်းလောင်းသည် သံဃာအား ပဉ္စင်းအဖြစ်ကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် တောင်း၏၊
သံဃာသည် ဤမည်သော ပဉ္စင်းလောင်းကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် ပဉ္စင်းခံ ပေး၏၊
ဤမည်သော ပဉ္စင်းလောင်း၏ ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် ပဉ္စင်းဖြစ်ခြင်းကို အကြင် အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
နှစ်ကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏၊ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ပဉ္စင်းလောင်းသည် ဤမည်သော အသျှင်ကို (အကြောင်းပြု၍) ပဉ္စင်းဖြစ်လို၏၊ အန္တရာယ်ကို ပြုတတ်သော သဘောတရားတို့မှ စင်ကြယ်၏၊ ထိုပဉ္စင်းလောင်းအား သပိတ်သင်္ကန်း ပြည့်စုံ၏၊
ဤမည်သော ပဉ္စင်းလောင်းသည် သံဃာအား ပဉ္စင်းအဖြစ်ကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် တောင်း၏၊
သံဃာသည် ဤမည်သော ပဉ္စင်း လောင်းကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် ပဉ္စင်းခံပေး၏၊
ဤမည်သော ပဉ္စင်းလောင်း၏ ဤ မည်သော ဥပဇ္ဈာယ်ဆရာဖြင့် ပဉ္စင်းဖြစ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သုံးကြိမ်မြောက်လည်း ဤအကြောင်းကို ပြောဆိုပါ၏၊ အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
ဤမည်သော ပဉ္စင်းလောင်းသည် ဤမည်သော အသျှင်ကို (အကြောင်းပြု၍) ပဉ္စင်းဖြစ်လို၏၊ အန္တရာယ်ကို ပြုတတ်သော သဘောတရားတို့မှ စင်ကြယ်၏၊ ထိုပဉ္စင်းလောင်းအား သပိတ်သင်္ကန်း ပြည့်စုံ၏၊
ဤမည်သော ပဉ္စင်းလောင်းသည် သံဃာအား ပဉ္စင်းအဖြစ်ကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် တောင်း၏၊
သံဃာသည် ဤမည်သော ပဉ္စင်းလောင်းကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် ပဉ္စင်းခံပေး၏၊
ဤမည်သော ပဉ္စင်းလောင်း၏ ဤ မည်သော ဥပဇ္ဈာယ်ဆရာဖြင့် ပဉ္စင်းဖြစ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊
အကြင်အသျှင်အား နှစ်သက်ခြင်းမရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဤမည်သော ပဉ္စင်းလောင်းကို ဤမည်သော ဥပဇ္ဈာယ်ဆရာဖြင့် ပဉ္စင်းခံပေးအပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ရဟန်းခံခြင်းအစီအစဉ် ပြီး၏။