၂၈၃။ လူတို့သည်- ''မြတ်စွာဘုရားသည် ယာဂုနှင့် ပျားသကာထည့်ရောသော မုန့်ချိုတို့ကို ခွင့်ပြုတော်မူ၏''ဟု ကြားကုန်၏။
ထိုလူတို့သည် နံနက်စောစောကလျှင် ထမင်းအလားရှိသော ယာဂုနှင့်ပျားသကာထည့်သော မုန့်ချိုတို့ကို စီမံကုန်၏၊
ရဟန်းတို့သည် နံနက်စောစောကလျှင် ထမင်းအလား ရှိသော ယာဂုနှင့် ပျားသကာထည့်သော မုန့်ချိုတို့ဖြင့် အားရတင်းတိမ်ပြီးဖြစ်၍ ဆွမ်းစားဇရပ်၌ စိတ် သဘောရှိတိုင်း မသုံးဆောင်ကြကုန်။
ထိုအခါ သဒ္ဓါတရားနုသော အမတ်ကြီးတစ်ယောက်သည် နက်ဖြန် ဆွမ်းဘုဉ်းပေးရန် အလို့ငှါ ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဖိတ်၏။
ထိုအခါ ထိုသဒ္ဓါတရားနုသော အမတ်ကြီးအား ''ငါသည် တစ်ထောင့် နှစ်ရာ့ငါးကျိပ်သော ရဟန်းတို့အား တစ်ထောင့်နှစ်ရာ့ငါးဆယ်သော အသားဟင်းမျိုးခွက် တို့ကို စီရင်အံ့၊ တစ်ပါး တစ်ပါးသော ရဟန်းအား တစ်ခွက် တစ်ခွက်စီသော အသားဟင်းမျိုးခွက်ကို ကပ်ရမူ ကောင်းရာ၏''ဟု အကြံဖြစ်၏။
ထို့နောက် သဒ္ဓါတရားနုသော ထိုအမတ်ကြီးသည် ထိုညဉ့်လွန်သောအခါ မွန်မြတ်သော ခဲဖွယ် ဘောဇဉ်ကိုလည်းကောင်း တစ်ထောင့်နှစ်ရာ့ငါးဆယ်သော အသားဟင်းမျိုးခွက်တို့ကိုလည်းကောင်း စီမံစေ ၍ မြတ်စွာဘုရားအား ''အသျှင်ဘုရား အချိန်တန်ပါပြီ ဆွမ်းစီမံပြီးပါပြီ''ဟု အချိန်တန်ကြောင်းကို လျှောက် ကြားစေ၏။
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူကာ ထိုသဒ္ဓါတရားနုသော အမတ်ကြီးအိမ်သို့ ကြွတော်မူပြီးလျှင် ခင်းထားသော နေရာ၌ ရဟန်းသံဃာ နှင့်အတူ ထိုင်နေတော်မူ၏။
ထိုအခါ ထိုသဒ္ဓါတရားနုသော အမတ်ကြီးသည် ဆွမ်းစားဇရပ်၌ ရဟန်းတို့ကို ဆွမ်းလုပ်ကျွေး၏၊
ရဟန်းတို့သည် '' ဒါယကာ အနည်းငယ်သာ ပေးပါလော့၊ ဒါယကာ အနည်းငယ်သာ ပေးပါလော့''ဟု ဆိုကုန်၏။
အသျှင်ဘုရားတို့ ''ဤအမတ်ကြီးသည် သဒ္ဓါတရားနုသော သူတည်း''ဟု အသျှင်ဘုရားတို့သည် အနည်းငယ် အနည်းငယ်ကိုသာ မခံယူပါကုန်လင့်၊
''တစ်ပါး တစ်ပါးသော ရဟန်းအား တစ်ခွက် တစ်ခွက်စီသော အသားဟင်းမျိုးခွက်ကို ဆက်ကပ်အံ့ဟု အကျွန်ုပ်သည် များစွာသော ခဲဖွယ်ဘောဇဉ်ကိုလည်းကောင်း၊ တစ်ထောင့်နှစ်ရာ့ငါးဆယ်သော အသားဟင်းမျိုးခွက်တို့ကိုလည်းကောင်း စီမံ၍ ထားပါ၏၊
အသျှင်ဘုရားတို့သည် အလိုရှိတိုင်း ခံတော်မူပါလော့''ဟု (လျှောက်၏)။
ဒါယကာ ငါတို့သည် ထိုသို့ မလှူနိုင်ခြင်းတည်းဟူသော အကြောင်းကြောင့် အနည်းငယ် အနည်း ငယ်ကိုသာ ခံကုန်သည် မဟုတ်၊ စင်စစ်သော်ကား ငါတို့သည် စောစောကလျှင် ထမင်းအလားရှိသော ယာဂုနှင့် ပျားသကာထည့်သော မုန့်ချိုတို့ဖြင့် အားရတင်းတိမ်ပြီးဖြစ်သောကြောင့်
အနည်းငယ် အနည်း ငယ်ကိုသာလျှင် ခံယူကုန်၏ဟု (ပြောဆိုကုန်၏)။
ထိုအခါ ထိုသဒ္ဓါတရားနုသော အမတ်ကြီးသည် ''အသျှင်ကောင်းတို့သည် အဘယ့်ကြောင့် ငါသည် ပင့် ဖိတ်အပ်ပါလျက် တစ်ပါးသော သူ၏ ထမင်းအလားရှိသော ယာဂုကို သုံးဆောင်ကုန်ဘိသနည်း၊ ငါသည် အလိုရှိတိုင်း လှူခြင်းငှါ စွမ်းနိုင်သည် မဟုတ်ပါလော''ဟု ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုပြီးလျှင် အမျက်ထွက်သည် ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ အပြစ်တင်လိုသည်ဖြစ်၍ ရဟန်းတို့၏ သပိတ်တို့ကို ပြည့်စေလျက် ''သုံးဆောင်လို လျှင်လည်း သုံးဆောင်ကုန်လော့၊ ဆောင်လိုလျှင်လည်း ဆောင်ကုန်လော့''ဟု ဆို၍ ဖဲခွါသွားလေ၏။
ထိုအခါ ဘုရားအမှူးရှိသော ရဟန်းအပေါင်းကို မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် ရောင့်ရဲသည် တိုင်အောင် တားမြစ်သည်တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၍ မြတ်စွာဘုရားဆွမ်းစားပြီး၍ သပိတ်မှ လက်ကို ဖယ်ပြီးသောအခါ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေသော သဒ္ဓါတရား နုသော အမတ်ကြီးကို မြတ်စွာဘုရားသည် တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရား ကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးလျှင် နေရာမှ ထ၍ ဖဲကြွတော်မူ လေ၏။
ထိုအခါ သဒ္ဓါတရားနုသော အမတ်ကြီးအား မြတ်စွာဘုရား ဖဲကြွ၍ မကြာမြင့်မီပင် တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်လေ၏၊ နှလုံးမသာခြင်း ဖြစ်လေ၏။
''(အကြင် အကျိုးတို့ကို တစ်ပါးသော သူတို့သည် ရအပ်ကုန်၏၊ ထိုအကျိုးတို့ကို) ငါ တစ်ယောက်သည်သာလျှင် မရအပ်ကုန်စွတကား၊ စင်စစ် ငါ့အား ရအပ်သော အကျိုးတို့သည် ရသည် မမည်ကုန်။
စင်စစ် ငါသည် လူအဖြစ်ကို မကောင်းသဖြင့် ရအပ်၏၊ စင်စစ် ငါသည် လူအဖြစ်ကိုကောင်း စွာ ရအပ်သည် မဟုတ်။
(အဘယ့်ကြောင့်နည်းဟူမူ) ငါသည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည် ဖြစ်၍ အပြစ်တင်လိုသည်ဖြစ်၍ ရဟန်းတို့၏ သပိတ်တို့ကို ပြည့်စေလျက် 'သုံးဆောင်လိုလျှင်လည်း သုံးဆောင်ကုန်လော့၊ ဆောင်လိုလျှင်လည်း ဆောင်ကုန်လော့'ဟု ဆို၍ ဖဲသွားမိခဲ့ပြီ။
အသို့နည်း ငါသည် များစွာသော ကောင်းမှုကိုမူလည်း ဆည်းပူးအပ်သလော၊ မကောင်းမှုကိုမူလည်း ဆည်းပူးအပ်သလော''ဟု (နှလုံးမသာခြင်းဖြစ်လေ၏)။
ထို့နောက် သဒ္ဓါတရားနုသော အမတ်ကြီးသည် မြတ်စွာဘုရားထံတော်သို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက်
မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရား ဖဲခွါကြွသွား၍ မကြာမြင့်မီ တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်ပါ၏၊ နှလုံးမသာခြင်း ဖြစ်ပါ၏၊ '(အကြင် အကျိုးတို့ကို တစ်ပါးသော သူတို့သည် ရအပ်ကုန်၏၊ ထိုအကျိုးတို့ကို) ငါ တစ်ယောက်သည်သာလျှင် မရအပ်ကုန်စွတကား၊ စင်စစ် ငါ့အား ရအပ်သော အကျိုးတို့သည် ရသည် မမည်ကုန်၊
စင်စစ် ငါသည် လူအဖြစ်ကို မကောင်းသဖြင့် ရအပ်၏၊ စင်စစ် ငါသည် လူအဖြစ်ကို ကောင်းစွာ ရအပ်သည် မဟုတ်၊
(အဘယ့်ကြောင့် နည်းဟူမူ) ငါသည် အမျက်ထွက်သည်ဖြစ်၍ နှလုံးမသာသည်ဖြစ်၍ အပြစ်တင်လိုသည်ဖြစ်၍ ရဟန်းတို့၏ သပိတ်တို့ကို ပြည့်စေလျက် 'သုံးဆောင်လိုလျှင် သုံးဆောင်ကုန်လော့၊ ဆောင်လိုလျှင်လည်း ဆောင်ကုန်လော့'ဟု ဆို၍ ဖဲသွားမိခဲ့ပါသည်၊
အသို့နည်း ငါသည် များစွာသော ကောင်းမှုကိုမူလည်း ဆည်းပူးအပ်သလော၊ မကောင်းမှုကိုမူလည်း ဆည်းပူးအပ် သလော'ဟု (နှလုံးမသာခြင်း) ဖြစ်ပါသည်။
အသျှင်ဘုရား အသို့ပါနည်း၊ အကျွန်ုပ်သည် များစွာသော ကောင်းမှုကိုမူလည်း ဆည်းပူးအပ်ပါ သလော၊ မကောင်းမှုကိုမူလည်း ဆည်းပူးအပ်ပါသလော''ဟု လျှောက်၏။
ဒါယကာ သင်သည် နက်ဖြန် ဆွမ်းဘုဉ်းပေးရန် ဘုရားအမှူးရှိသော ရဟန်းအပေါင်းကို ပင့်ဖိတ်သည်မှစ၍ များစွာသော ကောင်းမှုကို ဆည်းပူးအပ်ပြီ၊
သင်သည် တစ်ပါးတစ်ပါးသော ရဟန်းကို တစ်လုံးတစ်လုံးသော ဆွမ်းကို လှူသည်မှစ၍ များစွာသော ကောင်းမှုကို ဆည်းပူးအပ်ပြီ၊ နတ်ပြည်၌ ဖြစ်စေတတ်သော ကောင်းမှုကို အားထုတ်အပ်ပြီဟု (မိန့်တော်မူ၏)။
ထိုအခါ ထိုသဒ္ဓါတရားနုသော အမတ်ကြီးသည် ''ငါ့အား အရတော်သတတ်၊ ငါသည် ကောင်းစွာ ရအပ်သတတ်၊ ငါသည် များစွာသော ကောင်းမှုကို ဆည်းပူးအပ်သတတ်၊ ငါသည် နတ်ပြည်၌ ဖြစ်စေ တတ်သော ကောင်းမှုကို အားထုတ်အပ်သတတ်''ဟု ရွှင်လန်းတက်ကြွသည်ဖြစ်၍ နေရာမှ ထကာ မြတ်စွာ ဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲခွါသွားလေ၏။
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် ရဟန်းအပေါင်းကို စည်းဝေးစေ၍ ရဟန်းတို့ကို ''ရဟန်းတို့ ပင့်ဖိတ်အပ်သည်ကို ကြဉ်ထား၍ တစ်ပါးသော သူ၏ ယာဂုကို သုံးဆောင်ကုန်၏ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် တစ်ပါးသော အရပ်၌ ပင့်ဖိတ်အပ်သည် ဖြစ်လျက် တစ်ပါးသော သူ၏ ထမင်းအလားရှိသောယာဂုကို သုံးဆောင်ကုန်ဘိသနည်း။
ရဟန်းတို့ ဤ (ရဟန်းတို့ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ တစ်ပါးသော အရပ်၌ ပင့်ဖိတ်အပ်သော ရဟန်းသည် တစ်ပါးသော သူ၏ ထမင်းအလားရှိသောယာဂုကို မသုံးဆောင်အပ်၊ သုံးဆောင်သော ရဟန်းအား တရားအားလျော်စွာ ဆုံးဖြတ်အပ်၏''ဟု မိန့်တော်မူ၏။