၂၃၉။ ရဟန်းတို့ ရဟန်းသည် ပဝါရဏာနေ့ဝယ် သံဃာ့အလယ်၌ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤအကြောင်းအရာသည် ထင်၏၊ ပုဂ္ဂိုလ်သည် မထင်၊ အကယ် ၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အကြောင်းအရာကို ထား၍ သံဃာသည် ပဝါရဏာပြုရာ၏''ဟု ဆိုငြားအံ့၊
ထိုရဟန်းကို ''ငါ့သျှင် မြတ်စွာဘုရားသည် စင်ကြယ်သော ရဟန်းတို့အား ပဝါရဏာကို ပညတ်တော်မူ၏၊ အကယ်၍ အကြောင်းအရာသာ ထင်၍ ပုဂ္ဂိုလ်မထင်အံ့၊ ယခုပင် ထိုအကြောင်းအရာဖြင့် ယုံမှားရှိသော ပုဂ္ဂိုလ်ကို ပြောဆိုလော့''ဟု (ပြောဆိုရာ၏)။
ရဟန်းတို့ ရဟန်းသည် ပဝါရဏာနေ့ဝယ် သံဃာ့အလယ်၌ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤပုဂ္ဂိုလ်သည် ထင်၏၊ အကြောင်းအရာသည် မထင်၊ အကယ် ၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ ပုဂ္ဂိုလ်ကို ထား၍ သံဃာသည့်ပဝါရဏာပြုရာ၏''ဟု ဆိုငြားအံ့၊
ထိုရဟန်းကို ''ငါ့သျှင် မြတ်စွာဘုရားသည် ညီညွတ်သော ရဟန်းတို့ အား ပဝါရဏာကို ပညတ်တော်မူ၏၊ အကယ်၍ ပုဂ္ဂိုလ်သာ ထင်၍ အကြောင်းအရာ မထင်ငြားအံ့၊ ယခုပင် ထိုပုဂ္ဂိုလ်၏ အပြစ်ကို ပြောဆိုလော့''ဟု (ပြောဆိုရာ၏)။
ရဟန်းတို့ ရဟန်းသည် ပဝါရဏာနေ့ဝယ် သံဃာ့အလယ်၌ ''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ ဤအကြောင်းအရာသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည်လည်းကောင်း ထင်၏၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အကြောင်းအရာကိုလည်းကောင်း၊ ပုဂ္ဂိုလ်ကိုလည်းကောင်း ထား၍ သံဃာသည် ပဝါရဏာပြုရာ၏''ဟု ဆိုငြားအံ့၊
ထိုရဟန်း ကို ''ငါ့သျှင် မြတ်စွာဘုရားသည် စင်ကြယ်သော ရဟန်းတို့အားလည်းကောင်း၊ ညီညွတ်သော ရဟန်းတို့ အားလည်းကောင်း ပဝါရဏာကို ပညတ်တော်မူ၏၊ အကယ်၍ အကြောင်းအရာသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည်လည်းကောင်း ထင်ငြားအံ့၊ ယခုပင် ထိုအကြောင်းအရာနှင့် ပုဂ္ဂိုလ်ကို ပြောဆိုလော့''ဟု (ပြောဆို ရာ၏)။
ရဟန်းတို့ အကယ်၍ ပဝါရဏာ၏ ရှေး၌ အကြောင်းအရာထင်၍ ပဝါရဏာ၏ နောက်မှ ပုဂ္ဂိုလ်ထင် ငြားအံ့၊ စောဒနာခြင်းငှာ သင့်၏။
ရဟန်းတို့ အကယ်၍ ပဝါရဏာ၏ ရှေး၌ ပုဂ္ဂိုလ်ထင်၍ ပဝါရဏာ၏ နောက်မှ အကြောင်းအရာ ထင်ငြားအံ့၊ စောဒနာခြင်းငှာ သင့်၏။
ရဟန်းတို့ အကယ်၍ ပဝါရဏာ၏ ရှေး၌ အကြောင်းအရာသည်လည်းကောင်း၊ ပုဂ္ဂိုလ်သည်လည်းကောင်း ထင်ငြားအံ့၊ ထိုဆုံးဖြတ်ခြင်းကို အကယ်၍ ပဝါရဏာပြုပြီးမှ ချောက်ချားငြားအံ့၊ ချောက်ချားခြင်းကြောင့်ဖြစ်သော ပါစိတ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။