Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

221. Pacchimavikappanupagacīvarādikathā

Author: my-tipitaka @ visuddhinanda

၃၅၈။ ထိုအခါ ရဟန်းတို့အား ''သင်္ကန်းသုံးထည်ဟူ၍လည်းကောင်း မိုးရေခံသင်္ကန်းဟူ၍လည်းကောင်း၊ နိသီဒိုင်အခင်းဟူ၍လည်းကောင်း၊ အိပ်ရာခင်းဟူ၍လည်းကောင်း၊ အမာလွှမ်းဟူ၍လည်းကောင်း မျက်နှာသုတ်ပုဝါဟူ၍လည်းကောင်း ပရိက္ခရာအဝတ်ဟူ၍လည်းကောင်း မြတ်စွာဘုရား ခွင့်ပြုထားတော် မူသော အလုံးစုံသော သင်္ကန်းတို့ကို အဓိဋ္ဌာန်ပြုရမည်လော၊ သို့မဟုတ် ဝိကပ္ပနာပြုရမည်လော''ဟု အကြံဖြစ်၏။
ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သင်္ကန်းသုံးထည်ကို အဓိဋ္ဌာန်တင်ခြင်းငှါ ဝိကပ္ပနာမပြုဘဲ ထားခြင်းငှါ ခွင့်ပြု၏။
မိုးရေခံ သင်္ကန်းကို မိုးလေးလပတ်လုံး အဓိဋ္ဌာန်တင်ခြင်းငှါ မိုးလလွန်ပြီးနောက် ဝိကပ္ပနာပြုခြင်းငှါ၊
နိသီဒိုင်ကို အဓိဋ္ဌာန်တင်ခြင်းငှါ ဝိကပ္ပနာမပြုဘဲ ထားခြင်းငှါ၊
အိပ်ရာခင်းကို အဓိဋ္ဌာန်တင်ခြင်းငှါ ဝိကပ္ပနာမပြုဘဲ ထားခြင်းငှါ၊
အမာလွှမ်းသင်္ကန်းကို အနာရှိသမျှကာလပတ်လုံး အဓိဋ္ဌာန်တင်ခြင်းငှါ အနာပျောက်ပြီးနောက် ဝိကပ္ပနာပြုခြင်းငှါ၊
မျက်နှာသုတ်ပုဝါကို အဓိဋ္ဌာန်တင်ခြင်းငှါ ဝိကပ္ပနာမပြုဘဲ ထားခြင်းငှါ၊
ပရိက္ခာရ စောဠကို အဓိဋ္ဌာန်တင်ခြင်းငှါ ဝိကပ္ပနာမပြုဘဲ ထားခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထို့နောက် ''အဘယ်မျှလောက် အယုတ်ဆုံး (ပမာဏရှိ) သော သင်္ကန်းကို ဝိကပ္ပနာ ပြုသင့် သနည်း''ဟု ရဟန်းတို့အား အကြံဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်း တို့ အယုတ်ဆုံး မြတ်စွာဘုရား လက်သစ်တော်အားဖြင့် 'အလျား လက်ရှစ်သစ်၊ အနံ လက်လေး သစ်' အတိုင်းအရှည်ရှိသော သင်္ကန်းကို ဝိပ္ပကနာပြုခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
၃၅၉။ တစ်ရံရောအခါ ''အသျှင်မဟာကဿပ၏ ပံ့သကူသင်္ကန်းသည် (ဆွေးမြေ့သော နေရာကို ဖာထေးရသောကြောင့်) လေးသည်ဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်း တို့ ချည်ဖြင့် ဖာထေးရန် ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထောင့်စွန်းသည် မညီဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ထောင့်စွန်းကို ဖြတ်ခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ချည်မျှင်တို့သည် အစထွက်ကုန်သည်ဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အလျားအနားပတ်ကိုလည်းကောင်း အနံအနားပတ်ကိုလည်းကောင်း တင်စိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ဒုကုဋ်အနားပတ်တို့သည် ပြုတ်ကုန်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အကွက်ပြု၍ ချုပ်ရန်အလို့ငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
၃၆၀။ တစ်ရံရောအခါ တစ်ပါးသော ရဟန်းအား သုံးထည်သော သင်္ကန်းကို ချုပ်လုပ်သည်ရှိသော် သုံး ထည်လုံးကို ဖြတ်သဖြင့် မလောက်မငဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နှစ်ထည်သော သင်္ကန်းတို့ကို ဖြတ်၍ တစ်ထည်သော သင်္ကန်းကို မဖြတ်ဖို့ရန် ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
နှစ်ထည်သော သင်္ကန်းတို့ကို ဖြတ်၍ တစ်ထည်သော သင်္ကန်းကို မဖြတ်ဘဲ ထားသော်လည်း မလောက်မင ဖြစ်ပြန်သဖြင့်
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နှစ် ထည်သော သင်္ကန်းတို့ကို မဖြတ်ဘဲ တစ်ထည်သော သင်္ကန်းကို ဖြတ်ဖို့ရန် ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
နှစ်ထည်သော သင်္ကန်းတို့ကို မဖြတ်ဘဲ တစ်ထည်သော သင်္ကန်းကို ဖြတ်သော်လည်း မလောက်မငဖြစ်၍
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သလင်းထောင်ကိုလည်း တင်စိမ့်သောငှါ ခွင့်ပြု၏။ ရဟန်းတို့ အလုံးစုံမဖြတ်သော သင်္ကန်းကို မဆောင်အပ်၊
အကြင်ရဟန်းသည် ဆောင်ငြားအံ့၊ ထို ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
၃၆၁။ တစ်ရံရောအခါ တစ်ပါးသော ရဟန်းအား များစွာသော သင်္ကန်းသည် ဖြစ်ပေါ်၏၊
ထိုရဟန်းသည် သင်္ကန်းကို အမိအဖတို့အား ပေးလို၏။
မြတ်စွာဘုရားအား (အခြားရဟန်းတို့က) ဤ အကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အမိအဖတို့အား ပေးသော ရဟန်းတို့ကို အဘယ်သို့ ဆိုရကုန်အံ့နည်း၊
ရဟန်းတို့ အမိအဖတို့အား ပေးခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ သဒ္ဓါ၍လှူသော ပစ္စည်းကို မဖျက်ဆီးအပ်၊
အကြင်ရဟန်းသည် ဖျက်ဆီးငြားအံ့၊ ထို ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
၃၆၂။ တစ်ရံရောအခါ တစ်ပါးသော ရဟန်းသည် အန္ဓဝန်တော၌ သင်္ကန်း (ဒုကုဋ်) ကို ထားခဲ့ပြီးလျှင် ကိုယ်ဝတ်သင်းပိုင်ဖြင့် ရွာသို့ ဆွမ်းခံဝင်၏၊
ခိုးသူတို့သည် ထိုသင်္ကန်း (ဒုကုဋ်) ကို ခိုးယူကုန်၏၊
ထိုရဟန်းသည် အဝတ်သင်္ကန်း နည်းပါး၏၊ ညစ်နွမ်းသော သင်္ကန်းရှိ၏၊
ရဟန်းတို့သည် ''ငါ့သျှင် သင်သည် အဘယ့်ကြောင့် အဝတ်သင်္ကန်း နည်းပါးသနည်း၊ ညစ်နွမ်းသော သင်္ကန်းရှိသနည်း''ဟု မေးကုန်၏။
ငါ့သျှင်တို့ အကျွန်ုပ်သည် အန္ဓဝန်တော၌ သင်္ကန်း (ဒုကုဋ်) ကို ထားခဲ့ပြီးလျှင် ကိုယ်ဝတ်သင်းပိုင်မျှဖြင့် ရွာသို့ ဆွမ်းခံဝင်မိပါ၏၊
ခိုးသူတို့သည် ထိုသင်္ကန်းကို ခိုးယူသွားကုန်၏၊
ထို့ကြောင့် အကျွန်ုပ်သည် အဝတ်သင်္ကန်း နည်းပါးရပါ၏၊ ညစ်နွမ်းသော သင်္ကန်းရှိပါ၏ဟု (ပြောဆို၏)။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ကိုယ်ဝတ်သင်းပိုင်မျှဖြင့် ရွာသို့ မဝင်အပ်၊ ဝင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ အသျှင်အာနန္ဒာသည် မေ့ခဲ့၍ ကိုယ်ဝတ်,သင်းပိုင်မျှဖြင့် ရွာသို့ ဆွမ်းခံဝင်၏၊
ရဟန်းတို့သည် အသျှင်အာနန္ဒာကို ''ငါ့သျှင်အာနန္ဒာ မြတ်စွာဘုရားသည် ကိုယ်ဝတ်သင်းပိုင်မျှဖြင့် ရွာသို့ မဝင်အပ်ဟု ပညတ်တော်မူသည် မဟုတ်ပါလော၊ ငါ့သျှင်အာနန္ဒာ သင်သည် အဘယ့်ကြောင့် ကိုယ်ဝတ်သင်းပိုင်မျှဖြင့် ရွာသို့ ဝင်ပါသနည်း''ဟု ပြောဆိုကုန်၏။
ငါ့သျှင်တို့ မြတ်စွာဘုရားသည် ''ကိုယ်ဝတ်သင်းပိုင်မျှဖြင့် ရွာသို့ မဝင်အပ်''ဟု ပညတ်တော်မူသည်ကား မှန်ပေ၏၊ သို့ရာတွင် အကျွန်ုပ်သည် မေ့သည်ဖြစ်၍ ဝင်မိ ပါသည်ဟု (ပြောဆို၏)။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ဒုကုဋ်သင်္ကန်းကို ထားနိုင်ခြင်း၏ အကြောင်းတို့ကား ဤငါးပါးတို့တည်း။ နာဖျားသည် မူလည်း ဖြစ်စေ၊ မိုးလေးလမူလည်း ဖြစ်စေ၊ မြစ်တစ်ဖက်သို့ သွားလိုသည်မူလည်း ဖြစ်စေ၊ လုံခြုံသော တံခါးရွက်ရှိသော ကျောင်းမူလည်း ဖြစ်စေ၊ ခင်းထားပြီးသော ကထိန်ရှိသည်မူလည်း ဖြစ်စေ။
ရဟန်းတို့ ဒုကုဋ်သင်္ကန်းကို ထားနိုင်ခြင်း၏ အကြောင်းတို့သည် ဤငါးပါးတို့တည်း။
ရဟန်းတို့ ကိုယ်ဝတ်ကို ထားနိုင်ခြင်း၊ သင်းပိုင်ကို ထားနိုင်ခြင်း၏ အကြောင်းတို့ကား ဤငါးပါးတို့ တည်း။ နာဖျားသည်မူလည်း ဖြစ်စေ၊ မိုးလေးလမူလည်း ဖြစ်စေ၊ မြစ်တစ်ဖက်သို့ သွားလိုသည်မူလည်း ဖြစ်စေ၊ လုံခြုံသော တံခါးရွက်ရှိသော ကျောင်းမူလည်း ဖြစ်စေ၊ ခင်းထားပြီးသော ကထိန်ရှိသည်မူလည်း ဖြစ်စေ။
ရဟန်းတို့ ကိုယ်ဝတ်ကို ထားနိုင်ခြင်း၊ သင်းပိုင်ကို ထားနိုင်ခြင်း၏ အကြောင်းတို့သည် ဤငါးပါး တို့တည်း။
ရဟန်းတို့ မိုးရေခံသင်္ကန်းကို ထားနိုင်ခြင်း၏ အကြောင်းတို့ကား ဤငါးပါးတို့တည်း။ နာဖျားသည်မူလည်းဖြစ်စေ၊ သိမ်အပသို့ သွားလိုသည်မူလည်း ဖြစ်စေ၊ မြစ်တစ်ဖက်သို့ သွားလိုသည်မူလည်း ဖြစ်စေ၊ လုံခြုံသော တံခါးရွက်ရှိသော ကျောင်းမူလည်း ဖြစ်စေ၊ မိုးရေခံသင်္ကန်း မချုပ်ရသေးသော်လည်းကောင်း၊ ချုပ်၍ မပြီးသေးသော်လည်းကောင်း ဖြစ်စေ။
ရဟန်းတို့ မိုးရေခံသင်္ကန်း ထားနိုင်ခြင်း အကြောင်းတို့သည် ဤငါးပါးတို့တည်းဟု (မိန့်တော်မူ၏)။