၄၄၅။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သံဃာက နိယဿကံ ပြုထားသောကြောင့် ကောင်းစွာ ကျင့်၏၊ (မာန်တည်းဟူသော) အမွေးကို ချ၏၊ (နိယဿကံမှ) ထွက်မြောက်အံ့သော အကြောင်းကို ကျင့်၏၊ နိယဿကံ ငြိမ်းခြင်းကို တောင်းပန်၏၊
ထိုကျောင်း၌ ရဟန်းတို့အား ''ငါ့သျှင်တို့ ဤရဟန်းသည် သံဃာက နိယဿကံ ပြုထားသောကြောင့် ကောင်းစွာ ကျင့်၏၊ (မာန်တည်းဟူသော) အမွေးကို ချ၏၊ (နိယဿကံမှ) ထွက်မြောက်အံ့သော အကြောင်းကို ကျင့်၏၊ နိယဿကံ ငြိမ်းခြင်းကို တောင်းပန်၏၊ ထိုရဟန်းအား နိယဿကံကို ငါတို့ ယခု ငြိမ်းစေကုန်အံ့''ဟု အကြံဖြစ်၏၊
ထိုရဟန်းတို့သည် မတရားသဖြင့် အစုကွဲကုန်လျက် ထိုရဟန်းအား နိယဿကံကို ငြိမ်းစေကုန်၏။ပ။ မတရားသဖြင့် အညီအညွတ်။ တရားသဖြင့် အစုကွဲကုန်လျက်။ တရားတုဖြင့် အစုကွဲကုန်လျက်။ တရားသဖြင့် အညီ အညွတ် နိယဿကံကို ငြိမ်းစေကုန်၏။
ထိုကျောင်း၌ တည်သော သံဃာသည် '' (ဤကံသည်ကား) မတရားသဖြင့် အစုကွဲသော ကံတည်း။ မတရားသဖြင့် ညီညွတ်သော ကံတည်း။ တရားသဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် အစုကွဲသော ကံတည်း။ တရားတုဖြင့် ညီညွတ်သော ကံတည်း။ မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ငြင်းခုံ၏။
ရဟန်းတို့ ထိုရဟန်းတို့တွင် ''တရားတုဖြင့် ညီညွတ်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း ''မပြုသင့်သော ကံတည်း။ မကောင်းသဖြင့် ပြုထားသော ကံတည်း။ တစ်ဖန် ပြုသင့်သော ကံတည်း''ဟု ပြောဆိုသော ရဟန်းတို့သည်လည်းကောင်း တရားနှင့်အညီ ပြောဆိုသော ရဟန်းတို့တည်း။
[ဤငါးဝါရတို့ကိုလည်း အကျဉ်းချုံးအပ်ကုန်၏]။