၂၅၀။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညဉ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ သစ်သား ခြေနင်းတို့ကို စီးပြီးလျှင် လွင်တီးခေါင်၌ ပြင်းပြကျယ်လောင်သောအသံ ခေါက်ခေါက်မြည်သောအသံ ရှိကုန် လျက် များစွာသော မဂ်ဖိုလ်နှင့်ဖီလာဖြစ်သောစကား 'တိရစ္ဆာနကထာ' ကို ပြောဆိုလျက် စင်္ကြံသွားကုန်၏။
ဤသည်တို့ကား အဘယ်နည်း- မင်းနှင့်စပ်သော စကား၊ ခိုးသူနှင့်စပ်သော စကား၊ အမတ်ကြီးနှင့်စပ်သော စကား၊ စစ်သည် နှင့်စပ်သော စကား၊ ကြောက်ဖွယ်နှင့်စပ်သော စကား၊ စစ်ထိုးခြင်းနှင့်စပ်သော စကား၊ စားဖွယ်နှင့်စပ်သော စကား၊သောက်ဖွယ်နှင့်စပ်သော စကား၊ အဝတ်နှင့်စပ်သော စကား၊ အိပ်ရာနှင့်စပ်သော စကား၊ ပန်းနှင့်စပ်သော စကား၊ နံ့သာနှင့်စပ်သော စကား၊ ဆွေမျိုးနှင့်စပ်သော စကား၊ ယာဉ်နှင့်စပ်သော စကား၊ ရွာနှင့်စပ်သော စကား၊ နိဂုံးနှင့်စပ်သော စကား၊ မြို့နှင့်စပ်သော စကား၊ နယ်နှင့်စပ်သော စကား၊ မိန်းမနှင့်စပ်သော စကား၊ ယောကျာ်းနှင့်စပ်သော စကား၊ သူရဲကောင်းနှင့်စပ်သော စကား၊ လမ်းနှင့်စပ်သော စကား၊ ရေခပ်ဆိပ်နှင့်စပ်သော စကား၊ သေလွန်သူနှင့်စပ်သော စကား၊ အထွေထွေ နှင့်စပ်သော စကား၊ လောက (အကြောင်း) နှင့်စပ်သော စကား၊ သမုဒ္ဒရာ (အကြောင်း) နှင့်စပ်သော စကား၊ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့တည်း။
ပိုးငယ်ကိုလည်း နင်းမိ၍ သေစေကုန်၏၊ ကမ္မဋ္ဌာန်းစီးဖြန်းသော ရဟန်းတို့ကိုလည်း သမာဓိမှ ရွေ့စေကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညဉ့်၏ မိုးသောက်ယံ အခါ၌ စောစောထ၍ သစ်သားခြေနင်းတို့ကို စီးပြီးလျှင် လွင်တီးခေါင်၌ ပြင်းပြကျယ်လောင်သောအသံ ခေါက်ခေါက် မြည်သောအသံ ရှိကုန်လျက် များစွာသော မဂ်ဖိုလ်နှင့်ဖီလာဖြစ်သောစကား 'တိရစ္ဆာနကထာ' ကို ပြောဆိုကုန်လျက် စင်္ကြံသွားကုန်ဘိသနည်း။
ဤသည်တို့ကား အဘယ်နည်း။ မင်းနှင့်စပ်သော စကား၊ ခိုးသူနှင့်စပ်သော စကား။ပ။ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့တည်း။ ပိုးငယ်ကိုလည်း နင်းမိ၍ သေစေကုန်ဘိသနည်း၊ ကမ္မဋ္ဌာန်းစီးဖြန်းသော ရဟန်းတို့ ကိုလည်း သမာဓိမှ ရွေ့စေကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထို့နောက် ထိုရဟန်းတို့သည် မြတ်စွာဘုရာအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်း တို့ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ညဉ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ သစ်သားခြေနင်းတို့ကို စီးပြီးလျှင် လွင်တီးခေါင်၌ ပြင်းပြကျယ်လောင်သောအသံ ခေါက်ခေါက်မြည်သောအသံ ရှိကုန်လျက် များစွာသော မဂ်ဖိုလ်နှင့် ဖီလာဖြစ်သော စကား 'တိရစ္ဆာနကထာ' ကို ပြောဆိုကုန်လျက် စင်္ကြံသွားကြကုန်၏။
ဤသည်တို့ကား အဘယ်နည်း- မင်းနှင့်စပ်သော စကား၊ ခိုးသူနှင့်စပ်သော စကား။ပ။ ကြီးပွါးခြင်း ဆုတ်ယုတ်ခြင်းနှင့်စပ်သော စကားတို့တည်း၊ ပိုးငယ်ကိုလည်း နင်းမိ၍ သေစေကုန်၏၊ ကမ္မဋ္ဌာန်းစီးဖြန်းသော ရဟန်းတို့ကိုလည်း သမာဓိမှ ရွေ့စေကုန်၏ ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကား ဟောတော်မူပြီးလျှင် ရဟန်းတို့ကို
''ရဟန်းတို့ သစ်သားခြေနင်းတို့ ကို မစီးအပ်၊
စီးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် ဗာရာဏသီပြည်သို့ ဒေသစာရီ လှည့်လည်ကြွချီတော်မူ၏။
အစဉ်အတိုင်း ဒေသစာရီ လှည့်လည်ကြွချီတော် မူသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်တော်မူ၏။
မြတ်စွာဘုရားသည် ထိုဗာရာဏသီပြည် ဣသိပတန မည်သော မိဂဒါဝုန်တော၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''မြတ်စွာဘုရားသည် သစ်သားခြေနင်းကို ပယ်တော်မူ၏''ဟု ထန်းပင်ငယ်တို့ကို ဖြတ်စေ၍ ထန်းပတ်ခြေနင်းတို့ကို စီးကုန်၏၊
ထိုထန်းပင်ငယ်တို့သည် ဖြတ်အပ်ကုန်သည်ရှိသော် ညှိုးနွမ်းကုန်၏၊
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ထန်းပင်ငယ်တို့ကို ဖြတ်စေ၍ ထန်းပတ်ခြေနင်းတို့ကို စီးကုန်ဘိသနည်း၊ ထို ထန်းပင်ငယ်တို့သည် ဖြတ်အပ်ကုန်သည်ရှိသော် ညှိုးနွမ်းကုန်၏၊ သာကီဝင်မင်းသား ဘုရားအနွယ်တော် ဖြစ်သော ရဟန်းတို့သည် ဣန္ဒြေတစ်ခုရှိသော အသက်ကို အဘယ့်ကြောင့် ညှဉ်းဆဲကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။
''ရဟန်းတို့ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ထန်းပင်ငယ်တို့ကို ဖြတ်စေ၍ ထန်းပတ်ခြေနင်းတို့ကို စီးကုန်၏၊
ထိုထန်းပင်ငယ်တို့သည် ဖြတ်အပ်ကုန်သည်ရှိသော် ညှိုးနွမ်းကုန်၏ ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် (မဂ်ဖိုလ် မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် ထန်းပင်ငယ်တို့ကို ဖြတ်စေ၍ ထန်းပတ်ခြေနင်းတို့ကို စီးကုန်ဘိသနည်း၊
ထိုထန်းပင်ငယ်တို့သည် ဖြတ်အပ်ကုန်သည်ရှိသော် ညှိုးနွမ်းကုန်၏။
ရဟန်းတို့ လူတို့သည် သစ်ပင်၌ အသက်ရှိ၏ဟု မှတ်ထင်ကုန်၏၊
ရဟန်းတို့ ဤ (ဆဗ္ဗဂ္ဂီရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသော သူတို့အား ကြည်ညိုစေခြင်းငှါလည်းကောင်း။ပ။ ကဲ့ရဲ့ တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို
''ရဟန်းတို့ ထန်းပတ်ခြေနင်းတို့ကို မစီးအပ်၊
စီးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် ''မြတ်စွာဘုရားသည် ထန်းပတ်ခြေနင်းတို့ကို ပယ်တော်မူ၏''ဟု ဝါးပင်ငယ်တို့ကို ဖြတ်စေ၍ ဝါးပတ်ခြေနင်းတို့ကို စီးကုန်၏၊
ထိုဝါးပင်ငယ်တို့သည် ဖြတ်အပ်ကုန်သည် ရှိသော် ညှိုးနွမ်းကုန်၏၊
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ဝါးပင်ငယ်တို့ကို ဖြတ်စေ၍ ဝါးပတ်ခြေနင်းတို့ကို စီးကုန်ဘိသနည်း၊ ထိုဝါးပင်ငယ်တို့သည် ဖြတ်အပ်ကုန်သည်ရှိသော် ညှိုးနွမ်းကုန်၏၊ သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်း တို့သည် ဣန္ဒြေတစ်ခုရှိသော အသက်ကို အဘယ့်ကြောင့် ညှဉ်းဆဲကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည် သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ လူတို့သည် သစ်ပင်၌ အသက်ရှိ၏ဟု မှတ်ထင်ကုန်၏။ပ။ ''ရဟန်းတို့ ဝါးပတ်ခြေနင်းတို့ကို မစီးအပ်၊
စီးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု (မိန့်တော်မူ၏)။
၂၅၁။ ထိုအခါ မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော် မူပြီးလျှင် ဘဒ္ဒိယမြို့သို့ ဒေသစာရီ လှည့်လည်ကြွချီတော်မူ၏၊
အစဉ်အတိုင်း ဒေသစာရီ လှည့်လည် ကြွချီတော်မူသည်ရှိသော် ဘဒ္ဒိယမြို့သို့ ရောက်တော်မူ၏၊
မြတ်စွာဘုရားသည် ထိုဘဒ္ဒိယမြို့ မုလေးတော၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ ဘဒ္ဒိယမြို့၌ နေသော ရဟန်းတို့သည် များစွာသော ခြေနင်းကို တန်ဆာဆင်ခြင်း၌ အဖန် ဖန် အားထုတ်ခြင်းနှင့် ယှဉ်ကုန်လျက် နေကုန်၏၊ မြက်ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်၏၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်၏။ ဖြူဆံမြက်ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်၏၊ သူတစ်ပါး ကိုလည်း ပြုလုပ်စေကုန်၏။ ပြိတ်မြက်ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်၏၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်၏။ သင်ပေါင်းရွက်ဖြင့် ပြုသော ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်၏၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်၏။ ကမလမည်သော မြက်ဖြင့် ပြုသော ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်၏၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်၏။ ကမ္ဗလာခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်၏၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်၏။ သင်အံခြင်း အဖန်ဖန် မေးခြင်းနှင့် မြတ်သောသီလ မြတ်သောသမာဓိ မြတ်သော ပညာတို့သည် ဆိတ်သုဉ်းကုန်၏။
အလိုနည်းသော ရဟန်းတို့သည် ''အဘယ့်ကြောင့် ဘဒ္ဒိယမြို့၌ နေသော ရဟန်းတို့သည် များစွာသော ခြေနင်းကို တန်ဆာဆင်ခြင်း၌ အဖန်ဖန် အားထုတ်ခြင်းနှင့် ယှဉ်ကုန်လျက် နေကုန်ဘိသနည်း၊ မြက်ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်ဘိသနည်း၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်ဘိသနည်း။ ဖြူဆံမြက်ခြေနင်းကို့ကိုယ်တိုင်လည်း ပြုလုပ်ကုန်ဘိသနည်း၊ သူတစ် ပါးကိုလည်း ပြုလုပ်စေကုန်ဘိသနည်း။ ပြိတ်မြက်ခြေနင်းကို ကိုတ်တိုင်လည်း ပြုလုပ်ကုန်ဘိသနည်း၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်ဘိသနည်း။ သင်ပေါင်းရွက်ဖြင့် ပြုသော ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်ဘိသနည်း၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်ဘိသနည်း။ ကမလမည်သော မြက်ဖြင့်ပြုသော ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်ဘိသနည်း၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်ဘိသနည်း။ ကမ္ဗလာ ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်ဘိသနည်း၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်ဘိသနည်း။ သင်အံခြင်း အဖန်ဖန်မေးခြင်းနှင့် မြတ်သောသီလ မြတ်သောသမာဓိ မြတ်သောပညာတို့သည် ဆိတ်သုဉ်းကုန်ဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ''ရဟန်းတို့ ဘဒ္ဒိယမြို့၌ နေသော ရဟန်းတို့သည် များစွာသော ခြေနင်းကို တန်ဆာဆင်ခြင်း၌ အဖန်ဖန်အား ထုတ်ခြင်းနှင့် ယှဉ်ကုန်လျက် နေကုန်၏၊ မြက်ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်၏၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်၏။ပ။ သင်အံခြင်း အဖန်ဖန်မေးခြင်းနှင့် မြတ်သောသီလ မြတ်သောသမာဓိ မြတ်သောပညာတို့သည် ဆိတ်သုဉ်းကုန်၏ ဟူသည် မှန်သလော''ဟု စိစစ် မေးမြန်းတော်မူ၏။
မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူ၏။ပ။ ရဟန်းတို့ အဘယ့်ကြောင့် ထို (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သော ယောက်ျားတို့သည် များစွာသော ခြေနင်းကို တန်ဆာဆင်ခြင်း၌ အဖန် ဖန် အားထုတ်ခြင်းနှင့် ယှဉ်ကုန်လျက် နေကုန်ဘိသနည်း၊ မြက်ခြေနင်းကို ကိုယ်တိုင်လည်း ပြုလုပ်ကုန်ဘိ သနည်း၊ သူတစ်ပါးကိုလည်း ပြုလုပ်စေကုန်ဘိသနည်း။ပ။ သင်အံ့ခြင်း အဖန်ဖန်မေးခြင်းနှင့် မြတ်သော သီလ မြတ်သောသမာဓိ မြတ်သောပညာတို့သည် ဆိတ်သုဉ်းကုန်ဘိသနည်း၊
ရဟန်းတို့ ဤ (ရဟန်းတို့ ပြုမိသောအမှု) သည် မကြည်ညိုသေးသောသူတို့အား ကြည်ညိုစေခြင်းငါှလည်းကောင်း။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို -
''ရဟန်းတို့ မြက်ခြေနင်း၊ ဖြူဆံမြက်ခြေနင်း၊ ပြိတ်မြက်ခြေနင်း၊ သင်ပေါင်းရွက်ဖြင့် ပြုသော ခြေနင်း၊ ကမလမည်သော မြက်ဖြင့်ပြုသော ခြေနင်း၊ ကမ္ဗာလာခြေနင်း၊ ရွှေဖြင့်ပြီးသော ခြေနင်း၊ ငွေဖြင့် ပြီးသော ခြေနင်း၊ ပတ္တမြားဖြင့်ပြီးသော ခြေနင်း၊ ကျောက်မျက်ရွဲဖြင့်ပြီးသော ခြေနင်း၊ ဖလ်ဖြင့်ပြီးသော ခြေနင်း၊ ကြေးဖြူဖြင့်ပြီးသော ခြေနင်း၊ စဉ့်ဖြင့်ပြီးသော ခြေနင်း၊ သလွဲစင် 'ခဲမဖြူ'ဖြင့်ပြီးသော ခြေနင်း၊ သလွဲမည်း 'ခဲပုတ်'ဖြင့်ပြီးသော ခြေနင်း၊ ကြေးနီဖြင့်ပြီးသော ခြေနင်းတို့ကို မစီးအပ်၊
စီးသော ရဟန်း အား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ပြောင်းရွှေ့ကောင်းသော တစ်စုံတစ်ခုသော ခြေနင်းတို့ကို မစီး အပ်။
စီးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ - ''ကျင်ကြီးသွားရာခြေနင်း၊ ကျင်ငယ်သွားရာခြေနင်း၊ သန့်သက်ရေသုံးရာခြေနင်း ဟူ၍ အမြဲတည်လျက် မပြောင်းမရွှေ့ကောင်းသော သုံးမျိုးသော ခြေနင်းတို့ကို ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
၂၅၂။ ထိုအခါ မြတ်စွာဘုရားသည် ဘဒ္ဒိယမြို့၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံး နေတော်မူပြီး လျှင် သာဝတ္ထိပြည်သို့ ဒေသစာရီ လှည့်လည်ကြွချီတော်မူ၏၊
အစဉ်အတိုင်း ဒေသစာရီလှည့်လည် ကြွချီ တော်မူသည်ရှိသော် သာဝတ္ထိပြည်သို့ ရောက်၍
ထိုသာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် အစိရဝတီမြစ်၌ ကူးသော နွားမတို့၏ ဦးချိုတို့ကိုလည်းကောင်း၊ နားရွက်တို့ကိုလည်းကောင်း၊ လည်ပင်းကိုလည်းကောင်း၊ မြီးထူးကိုလည်းကောင်း ကိုင်ကုန်၏။ ကျောက်ကုန်း၌လည်း တက်စီးကုန်၏၊ တပ်မက်သော စိတ်ရှိကုန်သည်ဖြစ်၍ အင်္ဂါဇာတ်ကိုလည်း (မိမိတို့၏ အင်္ဂါ ဇာတ်ဖြင့်) တို့ထိကုန်၏၊ နွားငယ်ကိုလည်း နှစ်၍ သတ်ကုန်၏။
လူတို့သည် ''အဘယ့်ကြောင့် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ကာမဂုဏ်ချမ်းသာကို ခံစားသော လူတို့ကဲ့သို့ ရေကူးသော နွားမတို့၏ ဦးချိုတို့ကိုလည်း ကိုင်ကုန်ဘိ သနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ပ။ ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။
ထိုအခါ ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ပ။ ရဟန်းတို့ မှန်သလော။ပ။ မှန်ပါသည် မြတ်စွာဘုရားဟု (လျှောက်ကြကုန်၏)။ပ။ ကဲ့ရဲ့တော်မူ၍ တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်း တို့ကို -
''ရဟန်းတို့ နွားမတို့၏ ဦးချိုတို့ကို မကိုင်အပ်၊ နားရွက်တို့ကို မကိုင်အပ်၊ လည်ပင်းကို မကိုင် အပ်၊ မြီးထူးကို မကိုင်အပ်၊ ကျောက်ကုန်း၌ (တက်၍) မစီးအပ်၊
စီးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ တပ်မက်သော စိတ်ဖြင့် အင်္ဂါဇာတ်ကို မတို့ထိအပ်၊
တို့ထိသော ရဟန်းအား ထုလ္လစ္စဉ်းအာပတ် သင့်၏။
နွားငယ်ကို မသတ်အပ်၊
သတ်သော ရဟန်းအား တရားအားလျော်စွာ ဆုံးဖြတ်အပ်၏''ဟု (မိန့်တော်မူ၏)။