၁၇၀။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ပါတိမောက် ပြသည်ရှိသော် အာပတ်ကို သတိရ၏၊
ထို အခါ ထိုရဟန်းအား ''မြတ်စွာဘုရားသည် 'အာပတ်နှင့် တကွ ဥပုသ်ကို မပြုအပ်'ဟု ပညတ်တော်မူ၏၊ ငါသည်ကား အာပတ် သင့်၏၊ ငါသည် အဘယ်သို့ ကျင့်ရပါမည်နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ရဟန်းသည် ပါတိမောက်ပြသည်ရှိသော် အာပတ် ကို သတိရ၏၊
ရဟန်းတို့ ထိုရဟန်းသည် အနီးဖြစ်သော ရဟန်းကို
''ငါ့သျှင် အကျွန်ုပ်သည် ဤ မည်သော အာပတ်သို့ ရောက်၏၊
ဤနေရာမှ ထသော် ထိုအာပတ်ကို ကုစားပါအံ့''ဟု ဆို၍ ဥပုသ်ကို ပြုရမည်၊ ပါတိမောက်ကို နာရမည်၊ ထိုအာပတ်ဟူသော အကြောင်းကြောင့် ဥပုသ်၏ အန္တရာယ်ကို မပြု အပ်သည်သာလျှင်တည်း။
ရဟန်းတို့ ရဟန်းသည် ပါတိမောက် ပြသည်ရှိသော် အာပတ်၌ ယုံမှားရှိ၏၊
ရဟန်းတို့ ထို ရဟန်းသည် အနီးဖြစ်သောရဟန်းကို
''ငါ့သျှင် အကျွန်ုပ်သည် ဤမည်သော အာပတ်၌ ယုံမှားရှိ၏၊
ယုံမှားကင်းသောအခါ ထိုအာပတ်ကို ကုစားပါအံ့''ဟု ဆို၍ ဥပုသ်ကို ပြုရမည်၊ ပါတိမောက်ကို နာရမည်၊
ထိုအာပတ်၌ ယုံမှားခြင်းဟူသော အကြောင်းကြောင့် ဥပုသ်၏ အန္တရာယ်ကို မပြုအပ်သည်သာလျှင်တည်းဟု (မိန့်တော်မူ၏)။