၄။ ထို့နောက် မြတ်စွာဘုရားသည် ခုနစ်ရက်လွန်သဖြင့် ထို (အရဟတ္တဖိုလ်) သမာဓိမှ ထတော်မူ၍ ဗောဓိပင်ရင်းမှ အဇပါလညောင်ပင်သို့ ချဉ်းကပ်တော်မူ၍ အဇပါလညောင်ပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် တင်ပျဉ်ခွေကာ တစ်ထိုင်တည်းဖြင့် နေတော်မူ၏။
ထိုအခါ တဟုံဟုံ (မာန်မူခြင်းကို) ပြုတတ်သော သဘောရှိသော ပုဏ္ဏားတစ်ယောက်သည် မြတ်စွာ ဘုရားထံသို့ ချဉ်းကပ်၍
မြတ်စွာဘုရားနှင့် အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆို၏၊
ဝမ်းမြောက်ဖွယ် အမှတ်ရဖွယ် စကားကို ပြီးဆုံးစေ၍ တစ်ခုသော နေရာ၌ တည်နေ၏၊
တစ်ခုသော နေရာ၌ တည်နေသော ထိုပုဏ္ဏားသည် မြတ်စွာဘုရားအား ''အသျှင်ဂေါတမ အဘယ်မျှသော အတိုင်း အရှည်ဖြင့် 'ဗြာဟ္မဏ' မည်ပါသနည်း၊ ဗြာဟ္မဏအဖြစ်ကို ပြုတတ်သော တရားတို့ကား အဘယ်တို့ပါနည်း''ဟု လျှောက်၏။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းကို သိတော်မူ၍ ထိုအချိန်အခါ၌ ဤဥဒါန်းကို ကျူးရင့် တော်မူ၏-
''အကြင်ရဟန္တာသည် မကောင်းမူကို အပပြုပြီးဖြစ်၏၊
တဟုံဟုံ (မာန်မူခြင်းကို) မပြုတတ်၊ (ကိလေသာတည်းဟူသော) ဖန်ရည်မရှိ၊ (ဘာဝနာစီးဖြန်း) အားထုတ်သော စိတ်ရှိ၏၊
မဂ်ဉာဏ်တို့၏အဆုံး (အရဟတ္တဖိုလ်) သို့ ရောက်၏၊ မြတ်သော အကျင့်ကို ကျင့်သုံးပြီးဖြစ်၏၊
ထိုရဟန္တာသည်ဟုတ်မှန်သော သဘောဖြင့် ငါ ဗြာဟ္မဏဟူသော စကားကို ပြောဆိုထိုက်၏။
ယင်းရဟန္တာပုဂ္ဂိုလ်အား လောကအားလုံးဝယ် တစ်စုံ တစ်ခုသော အာရုံ၌ တပ်မက်မှုစသည် ဖြစ်ပွါးခြင်းတို့ မရှိကုန်''ဟု (ဥဒါန်းကျူးရင့် တော်မူ၏)။
ဆိတ်ကျောင်းညောင်ပင်ရင်း၌ စံနေတော်မူခြင်း ပြီး၏။