၁၂၈။ ထိုပဉ္စင်းဖြစ်သော ခဏ၌ပင်လျှင် အရိပ်ကို တိုင်းတာရမည်၊ (ရောက်ဆဲ) ဥတုကို ပြောကြား ရမည်၊ နေ့၏ အချိန်အခါကို ပြောကြားရမည်၊ (အရိပ် ဥတု နေ့) ကို ပေါင်း၍ (ရဟန်းဖြစ် ရက်ချုပ် ကို) ပြောကြားရမည်၊ မှီ (ငြမ်းပြု) ရာ လေးပါးတို့ကို ပြောကြားရမည်-
သလုံးမြင်းခေါင်းဖြင့် ရင်းနှီး၍ ရသော ဆွမ်းကို အမှီပြု၍ ဖြစ်သော ရဟန်းအဖြစ်၌
သင် ပဉ္စင်း သစ်သည် သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှ ကာလပတ်လုံး အားထုတ်ရမည်။
(ရှေးကံထူး၍) အလွန် အကျူး လာဘ်ပေါများပါမူ သံဃာအားလှူသောဆွမ်း၊ ရည်ညွှန်း၍လှူသောဆွမ်း၊ ပင့်ဖိတ်သောဆွမ်း၊ စာရေးတံချ၍လှူသောဆွမ်း၊ လဆန်းလဆုတ်ပက္ခ၌လှူသောဆွမ်း၊ ဥပုသ်နေ့၌လှူသောဆွမ်း၊ အထွက် တစ်ရက်နေ့၌လှူသောဆွမ်းများကိုလည်း (သုံးဆောင်အပ်သေး၏)။
မြေမှုန့် အလိမ်းလိမ်းကပ်သော 'ပံ့သကူ' သင်္ကန်းကို အမှီပြု၍ ဖြစ်သော ရဟန်းအဖြစ်၌
သင် ပဉ္စင်းသစ်သည် သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှ ကာလပတ်လုံး အားထုတ်ရမည်။
(ရှေးကံထူး၍) အလွန်အကျူး လာဘ်ပေါများပါမူ ခေါမချည်သင်္ကန်း ဝါချည်သင်္ကန်း ပိုးချည်သင်္ကန်း သက္ကလပ်သင်္ကန်း ပိုက်ဆံလျှော်ချည် သင်္ကန်း ချည်ငါးပါးရော၍ရက်သော သင်္ကန်းတို့ကိုလည်း (သုံးဆောင်အပ်သေး၏)။
သစ်ပင်ရင်းဟူသော ကျောင်းကို အမှီပြု၍ ဖြစ်သော ရဟန်းအဖြစ်၌
သင်ပဉ္စင်းသစ်သည် သိက္ခာပုဒ် တော် ကိုယ်၌ တည်သမျှကာလပတ်လုံး အားထုတ်ရမည်။
(ရှေးကံထူး၍) အလွန်အကျူး လာဘ်ပေါများပါမူ နှစ်ဖက်စောင်းမိုးသောကျောင်း တစ်ဖက်စောင်းမိုးသောကျောင်း လေးထောင့်ပြာသာဒ် ပြာသာဒ်ဦးပြည်း လိုဏ်ဂူတို့ကိုလည်း (သုံးဆောင်အပ်သေး၏)။
နွားကျင်ငယ်ပုပ်ဖြင့် ထုံအပ်သော ဆေးကို အမှီပြု၍ ဖြစ်သော ရဟန်းအဖြစ်၌
သင် ပဉ္စင်းသစ်သည် သိက္ခာပုဒ်တော် ကိုယ်၌ တည်သမျှကာလပတ်လုံး အားထုတ်ရမည်။
(ရှေးကံထူး၍) အလွန်အကျူး လာဘ်ပေါများပါမူ ထောပတ် ဆီဦး ဆီ ပျား တင်လဲတို့ကိုလည်း (သုံးဆောင်အပ်သေး၏)။
မှီခိုရာလေးပါး ပြီး၏။