၁၆၄။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ စည်းဝေးကြကုန်လော့၊ သံဃာသည် ဥပုသ်ပြုလတ္တံ့''ဟု မိန့်တော်မူ၏။
ဤသို့ မိန့်တော်မူသည်ရှိသော် တစ်ပါးသော ရဟန်းသည် မြတ်စွာဘုရားကို ''အသျှင်ဘုရား နာဖျားသော ရဟန်း ရှိနေပါ၏၊ ထိုရဟန်းသည် မလာနိုင်ပါ''ဟု လျှောက်၏။
ရဟန်းတို့ နာဖျားသော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးခြင်းငါှ ခွင့်ပြု၏၊
ရဟန်းတို့ ဤသို့ပေး ရမည်- ထိုနာဖျားသော ရဟန်းသည် ရဟန်းတစ်ပါးအထံသို့ ချဉ်းကပ်၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်ပြီးလျှင် ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီကာ
''ပါရိသုဒ္ဓိကို ပေးပါ၏၊ အကျွန်ုပ်၏ ပါရိသုဒ္ဓိကို ဆောင်ယူသွားပါလော့၊ အကျွန်ုပ်၏ ပါရိသုဒ္ဓိကို ပြောကြားပါလော့''ဟု ပြောဆိုရမည်။
ကိုယ်ဖြင့် သိစေအံ့၊ နှုတ်ဖြင့် သိစေအံ့၊ ကိုယ်နှုတ်နှစ်ပါးဖြင့် သိစေအံ့၊ ပါရိသုဒ္ဓိကို ပေးသည်မည်၏။
ကိုယ်ဖြင့် မသိစေအံ့၊ နှုတ်ဖြင့် မသိစေအံ့၊ ကိုယ်နှုတ်နှစ်ပါးဖြင့် မသိစေအံ့၊ ပါရိသုဒ္ဓိကို ပေးသည် မမည်။
ဤသို့ ပေးသဖြင့် ထိုပါရိသုဒ္ဓိကို ဆောင်မည့် ရဟန်းကို အကယ်၍ ရငြားအံ့၊ ဤသို့ရခြင်းသည် ကောင်း၏။
အကယ်၍ မရငြားအံ့၊ ရဟန်းတို့ ထိုနာဖျားသော ရဟန်းကို ညောင်စောင်းဖြင့်လည်းကောင်း၊ အင်းပျဉ်ဖြင့်လည်းကောင်း သံဃာ့အလယ်သို့ ယူဆောင်ကာ ဥပုသ်ကိုပြုရမည်။
ရဟန်းတို့ သူနာပြု ရဟန်းတို့အား ''အကယ်၍ ငါတို့သည် နာဖျားသော ရဟန်းကို နေရာမှ ရွှေ့ပြောင်းကုန်ငြားအံ့၊ အနာသော်လည်း တိုးပွါးလတ္တံ့၊ သေခြင်းသော်လည်း ဖြစ်လတ္တံ့''ဟု အကယ်၍ စိတ်အထင်ရှိသည် ဖြစ်အံ့။ ရဟန်းတို့ နာဖျားသော ရဟန်းကို နေရာမှ မရွှေ့မပြောင်းစေအပ်၊
သံဃာသည် ထိုနေရာသို့ သွား၍ ဥပုသ်ပြုရမည်၊
ဝဂ်ဖြစ်သော 'အစုကွဲသော' သံဃာသည် ဥပုသ်ကို မပြုအပ်သည်သာတည်း၊
အကယ်၍ ပြုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ အကယ်၍ ပါရိသုဒ္ဓိကို ဆောင်သော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးပြီးသည်ရှိသော် ထို ပေးရာအရပ်၌သာလျှင် (အရပ်တစ်ပါးသို့) ဖဲသွားငြားအံ့၊ တစ်ပါးသော ရဟန်းအား ပါရိသုဒ္ဓိကို ပေးရ မည်။
ရဟန်းတို့ အကယ်၍ ပါရိသုဒ္ဓိကို ဆောင်ယူသွားသော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးပြီးသည် ရှိသော် ထိုပေးရာအရပ်၌သာလျှင် လူထွက်ငြားအံ့။ပ။ သေငြားအံ့။ သာမဏေဟု ဝန်ခံငြားအံ့။ သိက္ခာကို စွန့်သောသူဟု ဝန်ခံငြားအံ့။ အဆုံးစွန်သော ပါရာဇိကဝတ္ထုသို့ ရောက်သောသူဟု ဝန်ခံငြားအံ့။ ရူးသော သူဟု ဝန်ခံငြားအံ့။ စိတ်ပျံ့လွင့်သောသူဟု ဝန်ခံငြားအံ့။ ဝေဒနာနှိပ်စက်သောသူ 'ခံစားသောသူ'ဟု ဝန်ခံ ငြားအံ့။ အာပတ်ကို မရှုခြင်းကြောင့် နှင်ထုတ်ထားသူဟု ဝန်ခံငြားအံ့။ အာပတ်ကို မကုစားခြင်းကြောင့် နှင်ထုတ်ထားသူဟု ဝန်ခံငြားအံ့။ ယုတ်ညံ့သော မိစ္ဆာအယူကို မစွန့်ခြင်းကြောင့် နှင်ထုတ်ထားသူဟု ဝန်ခံငြားအံ့။ ပဏ္ဍုက်ဟု ဝန်ခံငြားအံ့။ ပေါင်းသင်းမှုကို ခိုးသူဟု ဝန်ခံငြားအံ့။ တိတ္ထိဘောင်သို့ ပြောင်း ရွှေ့သူဟု ဝန်ခံငြားအံ့။ တိရစ္ဆာန်ဟု ဝန်ခံငြားအံ့။ အမိသတ်သူဟု ဝန်ခံငြားအံ့။ အဖသတ်သူဟု ဝန်ခံ ငြားအံ့။ ရဟန္တာကို သတ်သူဟု ဝန်ခံငြားအံ့။ ဘိက္ခုနီမကို ဖျက်ဆီးသူဟု ဝန်ခံငြားအံ့။ သံဃာကို သင်းခွဲသူဟု ဝန်ခံငြားအံ့။ ဘုရားကို သွေးစိမ်းတည်အောင် ပြုသူဟု ဝန်ခံငြားအံ့။ ဥဘတောဗျည်းဟု ဝန်ခံငြားအံ့၊ တစ်ပါးသောရဟန်းအား ပါရိသုဒ္ဓိကို ပေးရမည်။
ရဟန်းတို့ အကယ်၍ ပါရိသုဒ္ဓိကိုဆောင်သော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးအပ်ပြီးသော် လမ်းခရီးအကြား၌ အရပ်တစ်ပါးသို့ ဖဲသွားငြားအံ့၊ ပါရိသုဒ္ဓိကို ဆောင်သည် မမည်။
ရဟန်းတို့ အကယ်၍ ပါရိသုဒ္ဓိကို ဆောင်သောရဟန်းသည် ပါရိသုဒ္ဓိကို ပေးအပ်ပြီးသော် လမ်းခရီးအကြား၌ လူထွက်ငြားအံ့။ပ။ ဥဘတောဗျည်းဟု ဝန်ခံငြားအံ့၊ ပါရိသုဒ္ဓိကို ဆောင်သည် မမည်။
ရဟန်းတို့ အကယ်၍ ပါရိသုဒ္ဓိကိုဆောင်သော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးပြီးသော် သံဃာ ဘောင်သို့ ရောက်၍ (အရပ်တစ်ပါးသို့) ဖဲသွားငြားအံ့၊ ပါရိသုဒ္ဓိကို ဆောင်သည် မည်၏။
ရဟန်းတို့ အကယ်၍ ပါရိသုဒ္ဓိကို ဆောင်သောရဟန်းသည် ပါရိသုဒ္ဓိကို ပေးပြီးသော် သံဃာ့ဘောင်သို့ ရောက်ပြီးမှ လူထွက်ငြားအံ့။ပ။ ဥဘတောဗျည်းဟု ဝန်ခံငြားအံ့၊ ပါရိသုဒ္ဓိကို ဆောင်သည် မည်၏။
ရဟန်းတို့ အကယ်၍ ပါရိသုဒ္ဓိကို ဆောင်သော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးပြီးသော် သံဃာ့ ဘောင်သို့ ရောက်ပြီးနောက် အိပ်ပျော်သည်ဖြစ်၍ မပြောကြားငြားအံ့။ မေ့လျော့သည်ဖြစ်၍ မပြောကြား ငြားအံ့။ သမာပတ် ဝင်စားသည်ဖြစ်၍ မပြောကြားငြားအံ့၊ ပါရိသုဒ္ဓိကိုဆောင်သည် မည်၏။
ပါရိသုဒ္ဓိကို ဆောင်သော ရဟန်းအား အာပတ် မသင့်။
ရဟန်းတို့ အကယ်၍ ပါရိသုဒ္ဓိကိုဆောင်သော ရဟန်းသည် ပါရိသုဒ္ဓိကို ပေးပြီးသော် သံဃာဘောင်သို့ ရောက်ပြီးနောက် မပြောလိုသော စေတနာဖြင့် မပြောကြားအံ့၊ ပါရိသုဒ္ဓိကိုဆောင်သည် မည်၏။
ပါရိသုဒ္ဓိကို ဆောင်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။