၁၅၄။ တစ်ရံရောအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သံဃာ့အလယ်၌ အဓမ္မကံကို ပြုကုန်၏။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အဓမ္မကံကို မပြုအပ်၊
ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
အဓမ္မကံကို ပြု မြဲပြုကုန်သည်သာလျှင်တည်း။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ အဓမ္မကံကို ပြုသည်ရှိသော် တားမြစ်ခြင်းငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ သီလကို ချစ်မြတ်နိုးသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့က အဓမ္မကံကို ပြုသည်ရှိသော် တားမြစ်ကုန်၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရန်ငြိုးဖွဲ့ကုန်၏၊ ဒေါသဖြစ်ကုန်၏၊ လက်နက်ဖြင့် ခြိမ်း ခြောက်ကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အယူကိုလည်း ထင်စွာ ပြုခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုဆဗ္ဗဂ္ဂီရဟန်းတို့၏ အထံ၌သာလျှင် အယူကို ထင်စွာ ပြုကုန်၏။
ဆဗ္ဗဂ္ဂီရဟန်းတို့သည် ရန်ငြိုးဖွဲ့ကုန်၏။ ဒေါသဖြစ်ကုန်၏၊ လက်နက်ဖြင့် ခြိမ်းခြောက်ကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ လေးယောက် ငါးယောက်သော ရဟန်းတို့သည် တားမြစ်ခြင်းငှါ နှစ်ယောက် သုံးယောက်သော ရဟန်းတို့သည် အယူကို ထင်စွာ ပြုခြင်းငှါ ခွင့်ပြု၏၊ တစ်ယောက်သော ရဟန်းသည် 'ထိုကံကို ငါသည် မနှစ်သက်'ဟု ဆောက်တည်စိမ့်သောငှါ ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သံဃာ့အလယ်၌ ပါတိမောက်ပြသည်ရှိသော် မကြားစေလိုသော စေတနာရှိ၍ ကြားအောင် မရွတ်ကြကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပါတိမောက်ပြသော ရဟန်းသည် ကြားအောင် ရွတ်အပ်သည်သာတည်း၊
ကြားအောင် မရွတ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ကျီးသံနှင့်တူသော အသံရှိသော အသျှင်ဥဒါယီ မထေရ်သည် သံဃာအား ပါတိမောက်ပြ သူဖြစ်၏။
ထိုအခါ အသျှင်ဥဒါယီအား ''မြတ်စွာဘုရားသည် 'ပါတိမောက်ပြသော ရဟန်းသည် ကြား အောင် ရွတ်ရမည်'ဟု ပညတ်တော်မူ၏၊ ငါသည်ကား ကျီးသံကဲ့သို့ အသံရှိခဲ့၏၊ ငါသည် အဘယ်သို့ ကျင့်ရပါအံ့နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပါတိမောက်ပြသော ရဟန်းသည် ''အဘယ်သို့ ကြားစေရပါအံ့နည်း''ဟု လုံ့လပြုခြင်းငှါ ခွင့်ပြု၏၊
လုံ့လ အားထုတ်သော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။
ထိုအခါ ဒေဝဒတ်သည် လူနှင့် တကွသော ပရိတ်သတ်၌ ပါတိမောက်ကို ပြ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ လူနှင့်တကွသော ပရိတ်သတ်၌ ပါတိမောက်ကို မပြအပ်၊
ပြသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။
ထိုအခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သံဃာ့အလယ်၌ တိုက်တွန်းခြင်းမရှိဘဲ ပါတိမောက်ကို ပြကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သံဃာ့အလယ်၌ မတိုက်တွန်းအပ်ဘဲ ပါတိမောက်ကို မပြအပ်၊
ပြသောရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
''ရဟန်းတို့ ပါတိမောက်ပြခြင်းသည် မထေရ်ကြီးနှင့် စပ်ဆိုင်၏ဟု ခွင့်ပြု၏''ဟု (မိန့်တော်မူ၏)။
ဧကာဒသမ အညတိတ္ထိယ အခန်းပြီး၏။