Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

86. Disaṃgamikādivatthu

Author: my-tipitaka @ visuddhinanda

၁၆၃။ တစ်ရံရောအခါ (ဝိနည်းသိက္ခာပုဒ်ကို) မသိ၊ (ဝိနည်းသိက္ခာပုဒ်၌) မလိမ္မာသော များစွာသော ရဟန်းတို့သည် အရပ်တစ်ပါးသို့ သွားသည်ရှိသော် ဆရာဥပဇ္ဈာယ်တို့ကို မပန်ကြားကုန်။
မြတ်စွာ ဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ (ဝိနည်းသိက္ခာပုဒ်ကို) မသိ၊ (ဝိနည်းသိက္ခာ ပုဒ်၌) မလိမ္မာသော များစွာသော ရဟန်းတို့သည် အရပ်တစ်ပါးသို့ သွားသည်ရှိသော် ဆရာဥပဇ္ဈာယ် တို့ကို ပန်ကြားရမည်၊
ရဟန်းတို့ ဆရာဥပဇ္ဈာယ်တို့ကလည်း ထိုရဟန်းတို့ကို ''အဘယ်အရပ်သို့ သွား မည်နည်း၊ အဘယ်သူနှင့် သွားမည်နည်း''ဟု မေးရမည်၊
ရဟန်းတို့ အကယ်၍ (ဝိနည်းသိက္ခာပုဒ်ကို) မသိ၊ (ဝိနည်းသိက္ခာပုဒ်၌) မလိမ္မာသော ထိုရဟန်းတို့သည် (ဝိနည်းသိက္ခာပုဒ်ကို) မသိ၊ (ဝိနည်းသိက္ခာ ပုဒ်၌) မလိမ္မာကုန်သော တစ်ပါးသော ရဟန်းတို့ကို ညွှန်းဆိုကုန်ငြားအံ့၊ ရဟန်းတို့ ဆရာဥပဇ္ဈာယ်တို့သည် ခွင့်မပြုအပ်ကုန်၊
အကယ်၍ ခွင့်ပြုကုန်ငြားအံ့၊ (ထိုဆရာဥပဇ္ဈာယ်တို့အား) ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ဆရာဥပဇ္ဈာယ်တို့က ခွင့်မပြုဘဲ (ဝိနည်းသိက္ခာပုဒ်ကို) မသိ၊ (ဝိနည်းသိက္ခာပုဒ်၌) မလိမ္မာကုန်သော ထိုရဟန်းတို့သည်လည်း အကယ်၍ သွားကုန်ငြားအံ့၊ ထိုရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် (ဝိနည်းသိက္ခာပုဒ်ကို) မသိ၊ (ဝိနည်းသိက္ခာပုဒ်၌) မလိမ္မာသော များစွာသော ရဟန်းတို့သည် နေကုန်၏၊
ထိုရဟန်းတို့သည် ဥပုသ်ကိုလည်းကောင်း၊ ဥပုသ်ကံ ကိုလည်းကောင်း၊ ပါတိမောက်ကိုလည်းကောင်း၊ ပါတိမောက်ပြခြင်းကိုလည်းကောင်း မသိကုန်။
ထိုကျောင်း သို့ အကြားအမြင်များသော ပါဠိတော်ကို နှုတ်ငုံဆောင်သော တရားတော်, ဝိနည်းတော်ကို ဆောင်သော ပါတိမောက်ကို ဆောင်သော ပညာရှိသော ထက်မြက်သော ထိုးထွင်းဉာဏ်ရှိသော ရှက်တတ်သော တွေး တောမှု 'သံသယကုက္ကုစ္စ' ရှိသော သိက္ခာကို အလိုရှိသော တစ်ပါးသော ရဟန်းသည် လာ၏။
ရဟန်းတို့ ထိုရဟန်းတို့သည် ထိုရောက်လာသော ရဟန်းကို (ပစ္စည်းလေးပါးတို့ဖြင့်) ထောက်ပံ့ရမည်၊ ချီးမြှောက်ရ မည်၊ (ချစ်ဖွယ်သောစကားဖြင့်) ဖြားယောင်းရမည်၊ ကသယ်မှုန့်ဖြင့်လည်းကောင်း၊ မြေညက်ဖြင့်လည်းကောင်း၊ ဒန်ပူဖြင့်လည်းကောင်း၊ မျက်နှာသစ်ရေဖြင့်လည်းကောင်း လုပ်ကျွေးရမည်၊
အကယ်၍ (ပစ္စည်း လေးပါးတို့ဖြင့်) မထောက်ပံ့ကုန်ငြားအံ့၊ မချီးမြှောက်ကုန်ငြားအံ့၊ (ချစ်ဖွယ်သော စကားဖြင့်) မဖြား ယောင်းကုန်ငြားအံ့၊ ကသယ်မှုန့်ဖြင့်လည်းကောင်း၊ မြေညက်ဖြင့်လည်းကောင်း၊ ဒန်ပူဖြင့်လည်းကောင်း၊ မျက်နှာသစ်ရေဖြင့်လည်းကောင်း မလုပ်ကျွေးကုန်ငြားအံ့၊ (ထိုရဟန်းတို့အား) ဒုက္ကဋ်အာပတ်သင့်၏။
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ (ဝိနည်းသိက္ခာပုဒ်ကို) မသိ၊ (ဝိနည်းသိက္ခာပုဒ်၌) မလိမ္မာသော များစွာသော ရဟန်းတို့သည် နေကုန်၏၊
ထိုရဟန်းတို့သည် ဥပုသ်ကိုလည်းကောင်း၊ ဥပုသ် ကံကိုလည်းကောင်း၊ ပါတိမောက်ကိုလည်းကောင်း၊ ပါတိမောက်ပြခြင်းကိုလည်းကောင်း မသိကုန်။
ရဟန်းတို့ ထိုရဟန်းတို့သည် ရဟန်းတစ်ပါးကို ''ငါ့သျှင် သွားပါလော့၊ အကျဉ်းအားဖြင့်ဖြစ်စေ၊ အကျယ်အားဖြင့်ဖြစ်စေ ပါတိမောက်ကို သင်ယူလာခဲ့လော့''ဟု အနီးအနားကျောင်းသို့ နေ့ချင်းပြန် စေလွှတ်ရမည်။
ဤသို့ စေလွှတ်သဖြင့် ထိုပါတိမောက်ပြမည့် ရဟန်းကို ရကုန်ငြားအံ့၊ ဤသို့ ရခြင်းသည် ကောင်း၏။
အကယ်၍ မရကုန်ငြားအံ့၊ ရဟန်းတို့ ထိုရဟန်းအားလုံးတို့သည်ပင်လျှင် အကြင်ကျောင်း၌ ဥပုသ်ကိုလည်းကောင်း၊ ဥပုသ်ကံကိုလည်းကောင်း၊ ပါတိမောက်ကိုလည်းကောင်း၊ ပါတိမောက်ပြခြင်းကိုလည်းကောင်း သိကုန်၏၊ ထိုကျောင်းသို့ သွားရမည်။
မသွားသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် (ဝိနည်းသိက္ခာပုဒ်ကို) မသိ၊ (ဝိနည်းသိက္ခာပုဒ်၌) မလိမ္မာသော များစွာသော ရဟန်းတို့သည် ဝါဆိုနေကုန်၏၊
ထိုရဟန်းတို့သည် ဥပုသ်ကိုလည်းကောင်း၊ ဥပုသ်ကံ ကိုလည်းကောင်း၊ ပါတိမောက်ကိုလည်းကောင်း၊ ပါတိမောက်ပြခြင်းကိုလည်းကောင်း မသိကုန်။
ရဟန်းတို့ ထိုရဟန်းတို့သည် ရဟန်းတစ်ပါးကို ''ငါ့သျှင် သွားလော့၊ အကျဉ်းအားဖြင့်ဖြစ်စေ၊ အကျယ်အားဖြင့် ဖြစ်စေ ပါတိမောက်ကို သင်ယူလာခဲ့လော့''ဟု အနီးအနားကျောင်းသို့ နေ့ချင်းပြန် စေလွှတ်ရမည်။
ဤသို့ စေလွှတ်သဖြင့် ထိုပါတိမောက်ပြမည့် ရဟန်းကို ရငြားအံ့၊ ဤသို့ ရခြင်းသည် ကောင်း၏။
အကယ်၍ မရငြားအံ့၊ ရဟန်းတစ်ပါးကို သတ္တာဟဆောင်သည်ကို ပြုစေ၍ 'ဝါပန်စေ၍' ''ငါ့သျှင် သွားပါလော့၊ အကျဉ်းအားဖြင့်ဖြစ်စေ၊ အကျယ်အားဖြင့်ဖြစ်စေ ပါတိမောက်ကို သင်ယူလာခဲ့လော့''ဟု စေလွှတ်ရမည်။
ဤသို့ စေလွှတ်သဖြင့် ထိုပါတိမောက်ပြမည့် ရဟန်းကို ရငြားအံ့၊ ဤသို့ ရခြင်းသည် ကောင်း၏။
အကယ်၍ မရငြားအံ့၊ ရဟန်းတို့ ထိုရဟန်းတို့သည် ထိုကျောင်း၌ ဝါဆို၍ မနေအပ်၊
အကယ်၍ ဝါဆိုနေငြားအံ့၊ (ထိုရဟန်းတို့အား) ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။