Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

220. Nisīdanādianujānanā

Author: my-tipitaka @ visuddhinanda

၃၅၃။ တစ်ရံရောအခါ ရဟန်းတို့သည် မွန်မြတ်သော ဘောဇဉ်တို့ကို စားပြီးလျှင် သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်ခြင်းသို့ ရောက်ကုန်၏၊
သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်ခြင်းသို့ ရောက်သော ထိုရဟန်းတို့အား အိပ်မက်မြင်မက်သဖြင့် သုက်လွတ်လေ၏၊ အိပ်ရာနေရာသည် သုက် အလိမ်းလိမ်း ကပ်၏။
ထိုအခါ မြတ်စွာဘုရားသည် နောက်လိုက်ရဟန်းဖြစ်သော အသျှင်အာနန္ဒာနှင့် အတူ ကျောင်းစဉ်လှည့်လည်သည်ရှိသော် သုက်အလိမ်းလိမ်းကပ်သော အိပ်ရာနေရာကို မြင်တော်မူ၍ အသျှင် အာနန္ဒာကို ''အာနန္ဒာ ဤအိပ်ရာနေရာသည် အဘယ်ဖြင့် အလိမ်းလိမ်းကပ်သနည်း''ဟု မေးတော်မူ၏။
အသျှင်ဘုရား ယခုအခါ မွန်မြတ်သော ဘောဇဉ်တို့ကို စားပြီးလျှင် သတိလွတ်ကင်း ဆင်ခြင်ခြင်း မရှိဘဲ အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်းတို့အား အိပ်မက်ဖြင့် သုက်လွတ်ခြင်းကြောင့် ထိုအိပ်ရာနေရာသည် သုက်ဖြင့် အလိမ်းလိမ်းကပ်နေပါ၏ဟု (လျှောက်၏)။
အာနန္ဒာ ဤစကားသည် ဤသို့ ဆိုတိုင်းဟုတ်ပေ၏၊ အာနန္ဒာ ဤစကားသည် ဤသို့ ဆိုတိုင်း မှန်ပေ၏၊
အာနန္ဒာ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်းတို့အား အိပ်မက်ဖြင့် သုက်လွတ်၏။ အာနန္ဒာ သတိထင်ကာ ဆင်ခြင်လျက် အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်း တို့အား သုက်မလွတ်ပေ၊ အာနန္ဒာ ကာမဂုဏ်တို့၌ တပ်ခြင်းကင်းခိုက်ဖြစ်သော ပုထုဇဉ်တို့အားလည်း သုက်မလွတ်ပေ၊ အာနန္ဒာ ရဟန္တာအား သုက်လွတ်ရာသော အကြောင်းအခွင့်ကား အလျဉ်းမရှိပေဟု (မိန့် တော်မူ၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''
ရဟန်းတို့ ယခုအခါ ငါသည် နောက်လိုက်ရဟန်းဖြစ်သော အာနန္ဒာနှင့် အတူ ကျောင်းစဉ် လှည့်လည်သည်ရှိသော် သုက်အလိမ်းလိမ်းကပ်သော အိပ်ရာနေရာကို မြင်၍ အာနန္ဒာကို ''အာနန္ဒာ ဤ အိပ်ရာနေရာသည် အဘယ်ဖြင့် အလိမ်းလိမ်းကပ်သနည်း''ဟု မေးခဲ့ပြီ။
အသျှင်ဘုရား ယခုအခါ၌ မွန်မြတ်သော ဘောဇဉ်တို့ကို စားပြီးလျှင် သတိလွတ်ကင်း ဆင်ခြင်ခြင်း မရှိဘဲ အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်းတို့အား အိပ်မက်ဖြင့် သုက်လွတ်ခြင်းကြောင့် ထိုအိပ်ရာ နေရာသည် သုက် အလိမ်းလိမ်းကပ်နေပါ၏ဟု (လျှောက်၏)။
အာနန္ဒာ ဤစကားသည် ဤသို့ ဆိုတိုင်းဟုတ်ပေ၏၊ အာနန္ဒာ ဤစကားသည် ဤသို့ ဆိုတိုင်း မှန်ပေ၏၊
အာနန္ဒာ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်းတို့အား အိပ်မက်ဖြင့် သုက်လွတ်၏။ အာနန္ဒာ သတိထင်ကာ ဆင်ခြင်လျက် အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်း တို့အား သုက်မလွတ်ပေ၊ အာနန္ဒာ ကာမဂုဏ်တို့၌ တပ်ခြင်းကင်းခိုက်ဖြစ်သော ပုထုဇဉ်တို့အားလည်း သုက်မလွတ်ပေ၊ အာနန္ဒာ ရဟန္တာအား သုက်လွတ်ရာသော အကြောင်းအခွင့်ကား အလျဉ်းမရှိပေဟု (မိန့် ခဲ့ပြီ)။
ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်း၏ အပြစ်တို့သည် ဤငါးပါးတို့တည်း။ ဆင်းရဲစွာ အိပ်ရ၏၊ ဆင်းရဲစွာ နိုးရ၏၊ မကောင်းသော အိပ်မက်ကို မြင်မက် ရ၏၊ နတ်တို့က မစောင့်ရှောက်ကုန်၊ သုက်လွတ်တတ်၏။
ရဟန်းတို့ သတိလွတ်ကင်း ဆင်ခြင်ခြင်းမရှိဘဲ အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်း၏ အပြစ်တို့သည် ဤငါးပါးတို့တည်း။
ရဟန်းတို့ သတိထင်ကာ ဆင်ခြင်လျက် အိပ်ပျော်ခြင်းသို့ ရောက်သော ရဟန်း၏ အကျိုးတို့သည် ဤငါးပါးတို့တည်း။ ချမ်းသာစွာ အိပ်ရ၏၊ ချမ်းသာစွာ နိုးရ၏၊ မကောင်းသော အိပ်မက်ကို မမြင်မက်၊ နတ်တို့က စောင့်ရှောက်ကုန်၏၊ သုက်မလွတ်ပေ။
ရဟန်းတို့ သတိထင်ကာ ဆင်ခြင်လျက် အိပ်ပျော်ခြင်း သို့ ရောက်သော ရဟန်း၏ အကျိုးတို့သည် ဤငါးပါးတို့တည်း။
ရဟန်းတို့ ကိုယ်ကို လုံခြုံစေခြင်းငှါ, သင်္ကန်းကို လုံခြုံစေခြင်းငှါ, အိပ်ရာနေရာကို လုံခြုံစေခြင်းငှါ နိသီဒိုင်အခင်းကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုအခါ အလွန်ငယ်သော နိသီဒိုင်အခင်းသည် အလုံးစုံသော အိပ်ရာနေရာကို မလုံခြုံစေနိုင်၊
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ အလိုရှိသလောက် ကြီးသော အိပ်ရာလွှမ်းကို ပြုခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
၃၅၄။ တစ်ရံရောအခါ အသျှင်အာနန္ဒာ၏ ဥပဇ္ဈာယ်ဖြစ်သော အသျှင်ဗေလဋ္ဌသီသအား ဝဲကြီးနာ စွဲကပ်၏၊
သင်္ကန်းတို့သည် အနာ၏ အစေးဖြင့် ကိုယ်၌ ကပ်ငြိကုန်၏၊
ရဟန်းတို့သည် ထိုသင်္ကန်းတို့ကို ရေဖြင့် ဆွတ်၍ ဆွတ်၍ ခွါကုန်၏။
မြတ်စွာဘုရားသည် ကျောင်းစဉ် လှည့်လည်သည်ရှိသော် ထိုသင်္ကန်း တို့ကို ရေဖြင့် ဆွတ်၍ ဆွတ်၍ ခွါနေကုန်သော ရဟန်းတို့ကို မြင်တော်မူ၍ ရဟန်းတို့ထံသို့ ကြွတော်မူပြီး လျှင် ထိုရဟန်းတို့ကို ''ရဟန်းတို့ ဤရဟန်း၏ အနာကား အဘယ်အနာနည်း''ဟု မေးတော်မူ၏။
အသျှင်ဘုရား ဤအသျှင်ဗေလဋ္ဌသီသ၏ အနာသည်ကား ဝဲကြီးနာပါတည်း၊
သင်္ကန်းတို့သည် အစေးဖြင့် ကိုယ်၌ ကပ်ငြိကုန်၏၊
အကျွန်ုပ်တို့သည် ထိုသင်္ကန်းတို့ကို ရေဖြင့် ဆွတ်၍ ဆွတ်၍ ခွါနေပါကုန်၏ဟု (လျှောက်ကုန်၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့ အကြင်ရဟန်းအား 'လည်ပင်းကြီးနာသော်လည်းကောင်း၊ ထွတ်မြင်းနာသော်လည်းကောင်း၊ အရည်တရွဲရွဲယိုသော အနာသော်လည်းကောင်း၊ ဝဲကြီးနာသော်လည်းကောင်း' ရှိငြားအံ့၊ (ထိုရဟန်းအား) အမာလွှမ်း သင်္ကန်းကို ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
၃၅၅။ ထိုအခါ မိဂါရမာတာမည်သော ဝိသာခါသည် မျက်နှာသုတ်ပုဝါကို ယူ၍ မြတ်စွာဘုရားထံ တော်သို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကို ရှိခိုးလျက် တစ်ခုသော နေရာ၌ ထိုင်ပြီးလျှင် မြတ်စွာ ဘုရားအား-
''အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်၏ မျက်နှာသုတ်ပုဝါကို ခံယူတော်မူပါ၊ ယင်းသို့ ခံယူခြင်းသည် အကျွန်ုပ်အား ရှည်စွာသော ကာလပတ်လုံး စီးပွါးချမ်းသာခြင်းအလို့ငှါ ဖြစ်ရာ၏''ဟု လျှောက်၏။ မြတ်စွာဘုရားသည် မျက်နှာသုတ်ပုဝါကို ခံယူတော်မူ၏။
ထို့နောက် မြတ်စွာဘုရားသည် မိဂါရမာတာမည်သော ဝိသာခါကို တရားစကားဖြင့် (အကျိုးစီးပွါး ကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေတော်မူ၏။ ထိုအခါ မိဂါရမာတာမည်သော ဝိသာခါသည် မြတ်စွာဘုရားက တရားစကားဖြင့် (အကျိုးစီးပွါးကို) သိမြင်စေလျက် (တရားကို) ဆောက်တည်စေကာ (တရားကျင့်သုံးရန်) ထက်သန်ရွှင်လန်းစေပြီးသော် နေရာမှ ထ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အရိုအသေပြုကာ ဖဲသွားလေ၏။
ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို ''ရဟန်းတို့မျက်နှာ သုတ်ပုဝါကို ခွင့်ပြု၏''ဟု မိန့်တော်မူ၏။
၃၅၆။ ထိုအခါ ရောဇမည်သော မလ္လာမင်းသည် အသျှင်အာနန္ဒာ၏ အဆွေခင်ပွန်း ဖြစ်၏၊
ရောဇ မည်သော မလ္လာမင်း၏ ခေါမတိုင်းဖြစ် ပုဆိုးဟောင်းကို အသျှင်အာနန္ဒာ၏ လက်၌ အပ်ထားခဲ့၏၊
အသျှင် အာနန္ဒာအားလည်း ခေါမတိုင်းဖြစ် ပုဆိုးဟောင်းကို အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ငါးပါးသော အင်္ဂါနှင့်ပြည့်စုံသော ရဟန်းအား အကျွမ်းဝင်သောအားဖြင့် ယူစိမ့်သောငှါ ခွင့်ပြု၏။ မြင်ဖူးသော အဆွေခင်ပွန်းလည်း ဖြစ်အံ့၊ အတူသုံးဆောင်စားသောက်ဖူးသော အဆွေခင်ပွန်းလည်း ဖြစ်အံ့၊ (အလိုရှိလျှင်ယူဟူ၍) ဆိုဖူးသည်လည်း ဖြစ်အံ့၊ အသက်ရှင်ဆဲလည်း ဖြစ်အံ့၊ ''ငါယူသည် ရှိသော် နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်လတ္တံ့''ဟုလည်း သိအံ့။
ရဟန်းတို့ ဤငါးပါးသော အင်္ဂါနှင့် ပြည့် စုံသော ရဟန်းအား အကျွမ်းဝင်သောအားဖြင့် ယူစိမ့်သောငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
၃၅၇။ တစ်ရံရောအခါ ရဟန်းတို့အား သုံးထည်သော သင်္ကန်းသည် ပြည့်စုံ၏၊
ရေစစ်အဝတ်တို့ကိုလည်းကောင်း၊ အိတ်တို့ကိုလည်းကောင်း အလိုရှိ၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပရိက္ခရာ 'သုံးဆောင်စရာ' အဝတ်ကို ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။