Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

37. Ahivātakarogavatthu

Author: my-tipitaka @ visuddhinanda

၁၀၀။ တစ်ရံရောအခါ တစ်ဦးသော အမျိုးသည် ယဉ်းအနာ 'အဟိဝါတကရောဂါ'ဖြင့် သေလေ၏၊
ထိုအမျိုး၌ သားအဖနှစ်ယောက်တို့သည်သာလျှင် ကြွင်းကျန်ကုန်၏၊
ထိုသူတို့သည် ရဟန်းတို့၏ အထံ၌ ရဟန်းပြု၍ အတူတကွ ဆွမ်းခံလှည့်လည်ကုန်၏။
ထိုအခါ အဖအား ဆွမ်းလှူသည်ရှိသော် သူငယ်သည် ပြေးလာ၍
''ဖခင် အကျွန်ုပ်အားလည်း ပေးပါလော့၊
ဖခင် အကျွန်ုပ်အားလည်း ပေးပါလော့''ဟု ဆို၏။
လူတို့သည် ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် မမြတ်သော အကျင့်ကို ကျင့်ကုန်၏၊ ဤသူငယ်သည်ကား ရဟန်းမိန်းမမှ မွေးဖွား၏''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
ရဟန်းတို့သည် ကဲ့ရဲ့ရှုတ်ချ အပြစ်ပြ ပြောဆိုကြသော ထိုလူတို့၏ စကားကို ကြားကြသည်သာတည်း။
ထိုအခါ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ တစ်ဆယ့်ငါးနှစ်မပြည့်သေးသော သူငယ်ကို ရှင်မပြုအပ်၊
ရှင်ပြုပေးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု (မိန့်တော်မူ၏)။
ထိုအခါ၌ သဒ္ဓါတရားရှိ၍ ကြည်ညိုတတ်သော အသျှင်အာနန္ဒာ၏ အလုပ်အကျွေးအမျိုးသည် ယဉ်း အနာ 'အဟိဝါတကရောဂါ'ဖြင့် သေလေသော် သူငယ်နှစ်ယောက်တို့သာ ကြွင်းကျန်ကုန်၏၊
ထိုသူငယ်တို့သည် ရှေးအလေ့အကျက်အားဖြင့် ရဟန်းတို့ကို မြင်သောအခါ ပြေးလာသည်ရှိသော်
ရဟန်းတို့သည် မောင်းမဲ 'ငေါက်ငမ်း'ကုန်၏၊
ထိုသူငယ်တို့သည် ရဟန်းတို့က မောင်းမဲသည်ရှိသော် ငိုကြွေးကုန်၏။
ထိုအခါ အသျှင်အာနန္ဒာအား
''မြတ်စွာဘုရားသည် 'တစ်ဆယ့်ငါးနှစ်မပြည့်သေးသော သူငယ်ကို ရှင်မပြု အပ်'ဟု ပညတ်တော်မူ၏၊
ဤသူငယ်တို့သည်လည်း တစ်ဆယ့်ငါးနှစ် မပြည့်သေးကုန်၊
အဘယ်သို့သော အကြောင်းဖြင့် ဤသူငယ်တို့သည် မပျက်စီးကုန်ရာပါအံ့နည်း''ဟု အကြံဖြစ်၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
အာနန္ဒာ ထို သူငယ်တို့သည် ကျီးတို့ကို ချောက်လှန့်ခြင်းငှါ စွမ်းနိုင်ကုန်၏လောဟု (မေးတော်မူ၏)။
မြတ်စွာဘုရား စွမ်းနိုင်ပါကုန်၏ဟု (လျှောက်၏)။
ထိုအခါ မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကား ကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို
''ရဟန်းတို့ တစ်ဆယ့်ငါးနှစ် မပြည့်သေးသော်လည်း ကျီးတို့ကို ချောက်လှန့်ခြင်းငှါ စွမ်းနိုင်သော သူငယ်ကို ရှင်ပြုခြင်းငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။