Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

91. Saṅghuposathādippabhedaṃ

Author: my-tipitaka @ visuddhinanda

၁၆၈။ တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ လေးပါးသော ရဟန်းတို့သည် နေကုန်၏။
ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် 'ဥပုသ်ကိုပြုရမည်'ဟု ပညတ်တော်မူ၏၊ ငါတို့သည်ကား လေးယောက်တို့သာ ဖြစ်ကုန်၏၊ ငါတို့သည် အဘယ်သို့ ဥပုသ်ပြုရပါမည်နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ လေးပါးသော ရဟန်း တို့အား ပါတိမောက်ပြခြင်းငှါ ခွင့်ပြု၏ဟု (မိန့်တော်မူ၏)။
ထိုစဉ်အခါ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ သုံးပါးသော ရဟန်းတို့သည် နေကုန်၏။
ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် လေးပါးသော ရဟန်းတို့အား ပါတိမောက်ပြခြင်းငါှ ခွင့်ပြု တော်မူ၏၊ ငါတို့သည်ကား သုံးယောက်တို့သာ ဖြစ်ကုန်၏၊ ငါတို့သည် အဘယ်သို့ ဥပုသ်ပြုရ ပါမည် နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ သုံးပါးသော ရဟန်းတို့အား ပါရိသုဒ္ဓိဥပုသ်ကို ပြုခြင်းငါှ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့ ပြုရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် ထိုရဟန်းတို့ကို သိစေရမည် -
''အသျှင်တို့ အကျွန်ုပ်၏ (စကားကို) နာတော်မူကုန်လော့၊
ယနေ့ တစ်ဆယ့်ငါးရက်မြောက် ဥပုသ်နေ့ဖြစ်၏၊
အကယ်၍ အသျှင်တို့အား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ အကျွန်ုပ်တို့သည် အချင်းချင်း ပါရိသုဒ္ဓိဥပုသ်ကို ပြုကုန်အံ့''ဟု (သိစေရမည်)။
မထေရ်ကြီးဖြစ်သော ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့် ထိုင်ပြီးလျှင် လက်အုပ်ချီကာ ထိုရဟန်းတို့ကို
''ငါ့သျှင်တို့ အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့။
ငါ့သျှင်တို့ အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့။
ငါ့သျှင်တို့ အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့''ဟု ဆိုရမည်။
သီတင်းငယ် ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့် ထိုင်ပြီးလျှင် လက်အုပ်ချီကာ ထိုရဟန်းတို့ကို -
''အသျှင်ဘုရားတို့ အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့။
အသျှင်ဘုရားတို့ အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့။
အသျှင်ဘုရားတို့ အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့''ဟု ဆိုရမည်။
ထိုအခါ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ နှစ်ပါးသော ရဟန်းတို့သည် နေကုန်၏။
ထိုအခါ ထိုရဟန်းတို့အား ''မြတ်စွာဘုရားသည် လေးပါးသော ရဟန်းတို့အား ပါတိမောက်ပြခြင်းငါှ ခွင့်ပြုတော်မူ၏၊ သုံးပါးသော ရဟန်းတို့အား ပါရိသုဒ္ဓိဥပုသ်ပြုခြင်းငါှ ခွင့်ပြုတော်မူ၏၊ ငါတို့သည်ကား နှစ်ယောက် တို့သာ ဖြစ်ကုန်၏၊ ငါတို့သည် အဘယ်သို့ ဥပုသ်ကို ပြုရပါမည်နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ နှစ်ပါးသော ရဟန်းတို့အား ပါရိသုဒ္ဓိဥပုသ်ကို ပြုခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့ပြုရမည်၊
မထေရ်ကြီးဖြစ်သော ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်ထိုင်ပြီးလျှင် လက်အုပ်ချီကာ သီတင်းငယ် ရဟန်းကို -
''ငါ့သျှင် ငါသည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု ငါ့ကို မှတ်လော့။
ငါ့သျှင် ငါသည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု ငါ့ကို မှတ်လော့။
ငါ့သျှင် ငါသည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှစင်ကြယ်၏ဟု ငါ့ကို မှတ်လော့''ဟု ဆိုရမည်။
သီတင်းငယ် ရဟန်းသည် လက်ဝဲတစ်ဖက် ပခုံးထက်၌ ဧကသီကို စံပယ်တင်၍ ဆောင့်ကြောင့်ထိုင် ပြီးလျှင် လက်အုပ်ချီကာ မထေရ်ကြီးရဟန်းကို-
''အသျှင်ဘုရား အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့။
အသျှင်ဘုရား အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့။
အသျှင်ဘုရား အကျွန်ုပ်သည် အာပတ်မှ စင်ကြယ်၏၊ အာပတ်မှ စင်ကြယ်၏ဟု အကျွန်ုပ်ကို မှတ်ကုန်လော့''ဟု ဆိုရမည်ဟု (မိန့်တော်မူ၏)။
တစ်ရံရောအခါ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ တစ်ပါးသော ရဟန်းသည် နေ၏။
ထိုအခါ ထိုရဟန်းအား ''မြတ်စွာဘုရားသည် လေးပါးသော ရဟန်းတို့အား ပါတိမောက်ပြခြင်းငှါ ခွင့်ပြုတော်မူ၏၊ သုံးပါးသော ရဟန်းတို့အား ပါရိသုဒ္ဓိဥပုသ်ကို ပြခြင်းငှါ ခွင့်ပြုတော်မူ၏၊ နှစ်ပါးသော ရဟန်းတို့အား ပါရိသုဒ္ဓိဥပုသ်ကို ပြုခြင်းငှါ ခွင့်ပြုတော်မူ၏၊ ငါသည်ကား တစ်ယောက်တည်းသာ ဖြစ်၏၊ ငါသည် အဘယ် သို့ ဥပုသ်ကို ပြုရပါအံ့နည်း''ဟု အကြံဖြစ်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်၏။
ရဟန်းတို့ ကျောင်းတစ်ကျောင်းဝယ် ဥပုသ်နေ့၌ တစ်ပါးသော ရဟန်းသည် နေ၏၊
ရဟန်းတို့ ထို ရဟန်းသည် ရဟန်းတို့ ဝင်ထွက်ရာဖြစ်သော စည်းဝေးရာဇရပ် မဏ္ဍပ် သစ်ပင်ရင်းတို့ကို တံမြက်လှည်း၍သောက်ရေ သုံးဆောင်ရေ တည်ထားပြီးလျှင် နေရာကို ခင်းလျက် ဆီမီးညှိထွန်းကာ ထိုင်နေရမည်၊
အကယ်၍ တစ်ပါးသော ရဟန်းတို့သည် လာကုန်ငြားအံ့၊ ထိုရဟန်းတို့ နှင့်အတူ ဥပုသ်ပြုရမည်။
အကယ်၍ မလာကုန်ငြားအံ့၊ ''ယနေ့ ငါ့အတွက် ဥပုသ်နေ့တည်း''ဟု အဓိဋ္ဌာန်ပြုရမည်၊
အကယ်၍ အဓိဋ္ဌာန်ကို မပြု ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ရဟန်းလေးပါးနေသော ကျောင်း၌ တစ်ပါးသော ရဟန်း၏ ပါရိသုဒ္ဓိကို ဆောင်၍ သုံးပါးသော ရဟန်းတို့သည် ပါတိမောက်ကို မပြအပ်၊
အကယ်၍ ပြကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ရဟန်းသုံးပါးနေသော ကျောင်း၌ တစ်ပါးသော ရဟန်း၏ ပါရိသုဒ္ဓိကို ဆောင်၍ နှစ်ပါးသော ရဟန်းတို့သည် ပါရိသုဒ္ဓိဥပုသ်ကို မပြုအပ်၊
အကယ်၍ ပြုကုန်ငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ ရဟန်းနှစ်ပါးနေသော ကျောင်း၌ တစ်ပါးသော ရဟန်း၏ ပါရိသုဒ္ဓိကိုဆောင်၍ တစ်ပါးသော ရဟန်းသည် အဓိဋ္ဌာန်ဥပုသ်ကို မပြုအပ်၊
အကယ်၍ အဓိဋ္ဌာန်ဥပုသ်ကို ပြုငြားအံ့၊ ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။