၆။ ထို့နောက် မြတ်စွာဘုရားသည် ခုနစ်ရက်လွန်သဖြင့် ထို (အရဟတ္တဖိုလ်) သမာဓိမှ ထတော်မူ၍ ကျည်းပင်ရင်းမှ လင်းလွန်းပင်သို့ ချဉ်းကပ်၍ လင်းလွန်ပင်ရင်း၌ ခုနစ်ရက်ပတ်လုံး အရဟတ္တဖိုလ် ချမ်းသာကို ခံစားလျက် တင်ပျဉ်ခွေကာ တစ်ထိုင်တည်းဖြင့် နေတော်မူ၏။
ထိုအခါ တပုဿ ဘလ္လိကကုန်သည် (ညီနောင်) တို့သည် ဥက္ကလာဇနပုဒ်မှ ထိုအရပ်သို့ ခရီးရှည် သွားကုန်၏။
ထိုအခါ တပုဿ ဘလ္လိကကုန်သည် (ညီနောင်) တို့၏ ဆွေမျိုးသားချင်း ဖြစ်ဖူးသော ဘုမ္မစိုးနတ်သည် တပုဿ ဘလ္လိကကုန်သည် (ညီနောင်) တို့အား ''အချင်းတို့ ဤမြတ်စွာဘုရားသည် ရှေးဦးစွာ သစ္စာလေးပါးကို သိတော်မူသည်ဖြစ်၍ လင်းလွန်ပင်ရင်း၌ သီတင်းသုံးနေတော်မူ၏၊ သွားကုန် လော့၊ ထိုမြတ်စွာဘုရားကို မုန့်ကြွက်ကျစ်ဖြင့်လည်းကောင်း၊ ပျားမုန့်ဆုပ်ဖြင့်လည်းကောင်း လုပ်ကျွေးကုန်လော့၊ ထိုသို့လုပ်ကျွေးခြင်းသည် သင်တို့အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး စီးပွါးချမ်းသာခြင်းသည် ဖြစ်လတ္တံ့''ဟု ဆိုလေ၏။
ထိုအခါ တပုဿ ဘလ္လိကကုန်သည် (ညီနောင်) တို့သည် မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့် ဆုပ်ကိုလည်းကောင်း ယူ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရှိခိုးလျက် တစ်ခုသော နေရာ၌ တည် နေကြပြီးသော်
မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့်ဆုပ်ကိုလည်းကောင်း အလှူခံတော်မူပါ၊ ယင်းသို့ အလှူခံတော်မူခြင်းသည် အကျွန်ုပ်တို့အား ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး စီးပွါးချမ်းသာ ဖြစ်ရာပါ၏''ဟု လျှောက်ကုန်၏။
ထိုအခါ မြတ်စွာဘုရားအား ''ဘုရားတို့မည်သည် လက်ဖြင့် မခံယူကုန်၊ ငါသည် မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့်ဆုပ်ကိုလည်းကောင်း အဘယ်သို့ ခံယူရအံ့နည်း''ဟု အကြံဖြစ်ပေါ်၏။
ထိုအခါ နတ်မင်းကြီးလေးယောက်တို့သည် မိမိတို့၏ စိတ်ဖြင့် မြတ်စွာဘုရား၏ စိတ်အကြံကို သိ၍ အရပ်လေး မျက်နှာတို့မှ ကျောက်ညိုဖြင့်ပြီးကုန်သော သပိတ်လေးလုံးတို့ကို မြတ်စွာဘုရားအား ''အသျှင်ဘုရား မြတ်စွာဘုရားသည် ဤသပိတ်ဖြင့် မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့်ဆုပ်ကိုလည်းကောင်း ခံယူ တော်မူပါ''ဟု ဆက်ကပ်ကုန်၏။
မြတ်စွာဘုရားသည် အသီးအသီး အဖိုးများစွာ ထိုက်တန်သည့် ကျောက် ညိုဖြင့်ပြီးသော သပိတ်ဖြင့် မုန့်ကြွက်ကျစ်ကိုလည်းကောင်း၊ ပျားမုန့်ဆုပ်ကိုလည်းကောင်း ခံယူ၍ ဘုဉ်းပေးတော်မူ၏။
ထိုအခါ တပုဿ ဘလ္လိကကုန်သည် (ညီနောင်) တို့သည် မြတ်စွာဘုရားသည် သပိတ်မှ လက်ကို ဖယ်ပြီးပြီဟု သိ၍ မြတ်စွာဘုရား၏ ခြေတော်စုံကို ဦးခိုက်၍ မြတ်စွာဘုရားကို ''အသျှင်ဘုရား အကျွန်ုပ် တို့သည်-
- မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ - တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါကုန်၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာ တို့ဟူ၍ မှတ်ယူတော်မူပါ''ဟု လျှောက်ကုန်၏။
ထိုကုန်သည် (ညီနောင်) နှစ်ယောက်တို့သည်ကား လောက၌ ရှေးဦးစွာ ''ဒွေဝါစိကသရဏဂုံ''၁ တည်သော ဥပါသကာတို့ ဖြစ်ကုန်၏။
လင်းလွန်းပင်ရင်း၌ စံနေတော်မူခြင်း ပြီး၏။
၁။ ဒွေဝါစိက သရဏဂုံ = နှစ်ကြိမ်ရွတ်ဆို၍ ဆောက်တည်အပ်သော သရဏဂုံ၊ (ထိုစဉ်က သံဃာရတနာ မပေါ်သေး)။