Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

72. Uposathāgārakathā

Author: my-tipitaka @ visuddhinanda

၁၄၁။ တစ်ရံရောအခါ ရဟန်းတို့သည် ပရိဝုဏ်စဉ်အလိုက် (ပါတိမောက်ပြရာ အရပ်ကို) မချိန်း ချက်ဘဲ ပါတိမောက်ပြကုန်၏။
ဧည့်သည် ရဟန်းတို့သည် ''ယနေ့ အဘယ်အရပ်၌ ဥပုသ်ကို ပြုရအံ့ နည်း''ဟု မသိကုန်။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ ပရိဝုဏ်စဉ် အလိုက် (ပါတိမောက်ပြရာ အရပ် ကို) မချိန်းချက်ဘဲ ပါတိမောက်ကို မပြအပ်၊
ပြသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။
ရဟန်းတို့ သံဃာအလိုရှိသော နှစ်ဖက်စောင်းမိုးကျောင်း တစ်ဖက်စောင်းမိုး ကျောင်း ပြာသာဒ် ပြာသာဒ်ဦးပြည်း လိုဏ်ဂူတို့ကို ဥပုသ်အိမ်သမုတ်၍ ဥပုသ်ပြုခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့သမုတ်ရမည်၊
ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရ မည်-
''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်ရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာသည် ဤ မည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်၏၊
ဤမည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊
အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။
သံဃာသည် ဤမည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်အပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရပါသည်''ဟု (သိစေရမည်)။
ထိုအခါ (မဟာသိမ်အတွင်းရှိ) ကျောင်းတိုက်တစ်ခု၌ ဥပုသ်အိမ် နှစ်အိမ် သမုတ်ထားကြကုန်၏။
ရဟန်းတို့သည် ''ဤဥပုသ်အိမ်၌ ဥပုသ်ပြုလတ္တံ့၊ ဤဥပုသ်အိမ်၌ ဥပုသ်ပြုလတ္တံ့''ဟု နှစ်ခုသော ဥပုသ် အိမ်၌ စည်းဝေးကုန်၏။
မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။
ရဟန်းတို့ တစ်ကျောင်းတည်း၌ ဥပုသ်အိမ် နှစ်အိမ် မသမုတ်အပ်၊
သမုတ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏၊
ရဟန်းတို့ ဥပုသ်အိမ်တစ်ခုကို နုတ်ပြီးလျှင် ဥပုသ်အိမ်တစ်ခု၌ ဥပုသ်ပြုခြင်းငှါ ခွင့်ပြု၏။
ရဟန်းတို့ ဤသို့ နုတ်ရမည်၊
ကျွမ်းကျင် လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းသည် သံဃာကို သိစေရမည်-
''အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ဥပုသ် အိမ်ကို နုတ်ရာ၏၊
ဤကား သိစေခြင်းတည်း။
အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊
သံဃာသည် ဤ မည်သော ဥပုသ်အိမ်ကို နုတ်၏၊
ဤမည်သော ဥပုသ်အိမ်ကို နုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊
အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည့်ပြောဆိုရာ၏။
သံဃာသည် ဤမည်သော ဥပုသ်အိမ်ကို နုတ်ပယ်အပ်ပြီ၊
သံဃာအား နှစ်သက်ခြင်း ရှိ၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေ၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤနှစ်သက်သည့် အဖြစ်ကို သိမှတ်ရ ပါသည်''ဟု (သိစေရမည်)။