Issues
Select Version
(VN)Mahāvaggapāḷi
(VN)Mahāvaggapāḷi

29. Kārabhedakacoravatthu

Author: my-tipitaka @ visuddhinanda

၉၂။ တစ်ရံရောအခါ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရမင်းကြီးသည် ''အကြင်သူတို့သည်သာ ကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့အထံ၌ ရှင်ရဟန်းပြုကုန်၏၊ ထိုသူတို့အား တစ်စုံတစ်ရာ (အပြစ်) ကိုမျှ ပြုခြင်းငှါ မရအပ်ပေ၊ တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ဝဋ် ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်စေကုန်သတည်း''ဟု ခွင့်ပြုထား၏။
ထိုစဉ်အခါ၌ ယောက်ျားတစ်ယောက်သည် ခိုးမှုကို ပြုခြင်းကြောင့် နှောင်အိမ် 'အချုပ်ထောင်' ၌ ချုပ်နှောင် ခံရ၏၊
ထိုယောက်ျားသည် နှောင်အိမ် 'အချုပ်ထောင်' ကို ဖျက်ဆီး၍ ထွက်ပြေးပြီးလျှင် ရဟန်း တို့အထံ၌ ရဟန်းပြု၏၊
လူတို့ တွေ့မြင်ကုန်လတ်သော် ''ဤရဟန်းကား နှောင်အိမ်ကို ဖျက်ဆီးသော ခိုးသူတည်း၊ ငါတို့သည် ယခု ထိုရဟန်းကို ဖမ်းကြကုန်အံ့''ဟု ဆိုကုန်၏။
အချို့သူတို့က အမောင်တို့ ဤသို့ မဆိုကုန်လင့်၊ မဂဓတိုင်းရှင် သေနိယမည်သော ဗိမ္ဗိသာရ မင်းကြီးသည် ''အကြင်သူတို့သည် သာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့၏ အထံ၌ ရှင်ရဟန်းပြုကုန်၏၊ ထိုသူတို့အား တစ်စုံတစ်ရာ (အပြစ်) ကိုမျှ ပြုခြင်းငှါ မရအပ်ပေ၊ တရားတော်ကို ကောင်းစွာ ဟောတော်မူအပ်၏၊ ဝဋ်ဆင်းရဲ၏ အဆုံးကို ပြုခြင်းငှါ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့် စေကုန်သတည်း''ဟု ခွင့်ပြုထား၏ ဟူ၍ ဆိုကုန်၏။
လူတို့သည် ''ဤသာကီဝင်မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် ဘေးမဲ့ဖြစ်နေကြကုန်၏၊ ဤသူတို့အား တစ်စုံတစ်ရာ (အပြစ်) ကိုမျှ ပြုခြင်းငှါ မရအပ်ပေ၊ အဘယ့်ကြောင့် သာကီဝင် မင်းသား ဘုရားအနွယ်တော်ဖြစ်သော ရဟန်းတို့သည် နှောင်အိမ်ကို ဖျက်ဆီး၍ ထွက်ပြေးသော ခိုးသူကို ရဟန်းပြုပေးကုန်ဘိသနည်း''ဟု ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။
မြတ်စွာဘုရား အား ဤအကြောင်းကို လျှောက်ကြကုန်၏။
''ရဟန်းတို့ နှောင်အိမ်ကို ဖျက်ဆီး၍ ထွက်ပြေးသော ခိုးသူကို ရှင်ရဟန်းပြုမပေးရ၊
ရှင်ရဟန်းပြု ပေးသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု
(မိန့်တော်မူ၏)။