၁-ပါရာဇိက နိဒ္ဒေသ
၁။ သန္နိမိတ္တံ ပဝေသေန္တော၊ ဘိက္ခု မဂ္ဂတ္တယေ စုတော။ ပဝေသနဋ္ဌိတုဒ္ဓါရ၊ ပဝိဋ္ဌေ စေပိ သာဒိယံ။ ။
၁။ သန္နိမိတ္တံ၊ မိမိအင်္ဂါဇာတ်ကို။ [ တစ်နည်းကား။ ] သန္နိမိတ္တံ၊ မိမိဥစ္စာဖြစ်သောအင်္ဂါဇာတ်ကို။ မဂ္ဂတ္တယေ၊ မဂ်သုံးခုတို့၏အပေါင်း၌။ ပဝေသေန္တော၊ သွင်းတတ်သော။ ဘိက္ခု၊ ရဟန်းသည်။ စုတော၊ ဘုရားသခင် သာသနာတော်မှ ရွေ့လျော့သည်။ ဘဝေ၊ ဖြစ်၏ ။ [ တစ်နည်းကား။ ] ယောဘိက္ခု၊ အကြင်ရဟန်းသည်။ မဂ္ဂတ္တယေ၊ ၌။ သန္နိမိတ္တံ၊ မိမိအင်္ဂါဇာတ်ကို။ ပဝေသေန္တော၊ သွင်းသည်။ စေဟောတိ၊ အကယ်၍ဖြစ်အံ့။ သောဘိက္ခု၊ သည်။ စုတော၊ သည်။ ဘဝေ၊ ၏ ။ ယောဘိက္ခု၊ သည်။ ပဝေသနဋ္ဌိတုဒ္ဓါရပဝိဋ္ဌေ၊ သွင်းသောခဏ, တည်သောခဏ, ထုတ်သောခဏ, ဝင်ပြီးသောခဏ၌။ သာဒိယံ-သာဒိယန္တော၊ သာယာသည်။ စေဟောတိ၊ အံ့။ သောပိဘိက္ခု၊ သည်လည်း။ စုတော၊ သည်။ ဘဝေ၊ ၏ ။
[ ပဝေသနဋ္ဌိတုဒ္ဓါရပဝိဋ္ဌေ-ဟု ပဝိဋ္ဌသဒ္ဒါကို နောက်ဆုံးထား၍ ဆိုခြင်းသည်ကား ဆန္ဒာနုရက္ခနအားဖြင့်ဆိုသတည်း၊ အနက်အစဉ်အားဖြင့်ကား-ပဝေသနပဝိဋ္ဌဋ္ဌိတုဒ္ဓါရေ-ဟုဆိုအပ်၏ ၊ ထို့ကြောင့် ပါဠိတော်၌ သောစေပဝေသနံသာဒိယတိ၊ ပဝိဋ္ဌံ သာဒိယတိ၊ ဌိတံ သာဒိယတိ၊ ဥဒ္ဓရဏံ သာဒိယတိ-ဟု ဟောတော်မူသည်၊ မူလသိက္ခာကျမ်း၌ရှိသော ပါဌ်စဉ်အားဖြင့် အနက်ကို ယူအပ်သည်ရှိသော် ထုတ်ပြီးမှ ဝင်၏ဟူသော အနက်သည်ဖြစ်ခဲ့ရာ၏ ၊ ထိုအနက်သည် အစဉ်မသင့်သောကြောင့်မသင့်၊ ဤဂါထာ၌ ရှေ့နှစ်ပါဒဖြင့် မိမိလုံ့လပြု၍ သွင်းခြင်းကိုပြတော်မူ၏ ၊ နောက်နှစ်ပါဒဖြင့်ကား မိမိ၏ရန်သူတို့သည် လူမိန်းမအစရှိသည်ကိုဆောင်၍ အနိုင်အထက်ကိုင်၍ မိမိ၏အင်္ဂါဇာတ်ကို လူမိန်းမအစရှိသည်တို့၏ အင်္ဂါဇာတ်၌ သွင်းသည်ရှိသော် ပဝေသန, ပဝိဋ္ဌ, ဌိတ, ဥဒ္ဓါရတည်းဟူသော လေးပါးကုန်သော ခဏတို့တွင် တစ်ပါးပါးသောခဏ၌ သာယာသောရဟန်းအားလည်း ပါရာဇိကသို့ရောက်သည်၏ အဖြစ်ကို ပြတော်မူ၏ ၊ ထိုလေးပါးကုန်သော ခဏတို့တွင် နှမ်းတစ်စေ့မျှလောက်လည်း ဝင်အောင်သွင်းခြင်းသည်ပဝေသနမည်၏ ၊ တည်ရာသို့မရောက်သေးသော ကာလပတ်လုံးဝင်ခြင်းသည် ပဝိဋ္ဌမည်၏ ၊ တည်ရာသို့ရောက်ပြီးသော်ကား ဌိတမည်၏ ၊ အလိုပြည့်၍ထုတ်ခြင်းသည် ဥဒ္ဓါရမည်၏ ၊ သန္နိမိတ္တံဟူသောပါဌ်ဖြင့် သူတစ်ပါး၏အင်္ဂါဇာတ်ကို မိမိလုံ့လပြု၍ သူတစ်ပါး၏အင်္ဂါဇာတ်၌ သွင်းသော်လည်း ပါရာဇိကသို့ မရောက်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ၊ ဒုက္ကဋ်သာသင့်၏ဟုမှတ်လေ။ ]
[မဂ်သုံးပါး ဟူသော်ကား-ဝစ္စမဂ်, ပဿာဝမဂ်, မုခမဂ်တည်း၊ မဂ္ဂတ္တယေဟူသောစကားကို အကျဉ်းအားဖြင့် ရအပ်သည်၏အဖြစ်ကိုရည်၍ မူလသိက္ခာဆရာဆိုတော်မူသတည်း၊ အကျယ်အားဖြင့် မဂ်ပေါင်းကား သုံးဆယ်တည်း၊ သုံးဆယ် ဟူသော်ကား-လူမိန်းမ, ဘီလူးမိန်းမ, တိရစ္ဆာန်မိန်းမ ဤမိန်းမသုံးယောက်တို့တွင် တစ်ယောက်တစ်ယောက်၌ ဝစ္စမဂ်, ပဿာဝမဂ်, မုခမဂ်အားဖြင့် သုံးပါးစီ ရကောင်းရကား မဂ်ကိုးပါးဖြစ်သတည်း၊ လူဥဘတောဗျည်း, ဘီလူးဥဘတောဗျည်း, တိရစ္ဆာန်ဥဘတောဗျည်း ဤသုံးယောက်ကုန်သော ဥဘတောဗျည်း တို့တွင်လည်း တစ်ယောက်တစ်ယောက်၌ ထို့အတူ မဂ်သုံးပါးစီ ရကောင်းရကား မဂ်ကိုးပါးဖြစ်သတည်း၊ နှစ်ပါးစုံကိုပေါင်းသော် တစ်ဆယ့်ရှစ်ပါးဖြစ်၏ ၊ လူပဏ္ဍုက်, ဘီလူးပဏ္ဍုက်, တိရစ္ဆာန်ပဏ္ဍုက်၊ ဤနပုန်းပဏ္ဍုက်သုံးယောက်တို့တွင် တစ်ယောက်တစ်ယောက်၌ ဝစ္စမဂ်, မုခမဂ်အားဖြင့် နှစ်ပါးစီရကောင်းရသား မဂ်ခြောက်ပါးဖြစ်သတည်း၊ လူယောကျာ်း, ဘီလူးယောက်ျား, တိရစ္ဆာန်ယောကျာ်း၊ ဤယောက်ျားသုံးယောက်တို့တွင် တစ်ယောက်တစ်ယောက်၌လည်း ထို့အတူ နှစ်ပါးစီ ရကောင်းရကား မဂ်ခြောက်ပါးဖြစ်သတည်း၊ နှစ်ပါးစုံကိုပေါင်းသော် တစ်ဆယ့်နှစ်ပါးဖြစ်၏ ၊ ဤတစ်ဆယ့်နှစ်ပါးနှင့် ရှေးတစ်ဆယ့်ရှစ်ပါးကိုပေါင်းသော် မဂ်အပေါင်းကား သုံးဆယ်ဖြစ်၏ ၊ ဤသို့လျှင် မဂ်သုံးဆယ်ဖြစ်သတည်း။ ]
[ ဤပဌမပါရာဇိက၌ အင်္ဂါကား-မေထုန်မှီဝဲလိုသောစိတ်ရှိသည်လည်းဖြစ်စေ, မဂ်ဖြင့်မဂ်ကို သွင်းသည်ဖြစ်စေ၊ ဤ ၂-ပါးတည်း။ ]
[ ဤသိို့ ပဌမပါရာဇိကကိုပြတော်မူပြီး၍ ဒုတိယပါရာဇိကကို ပြတော်မူလို၍ အဒိန္နံ။ ပ။ ဘဝေ။ ။ ဟူသောဂါထာကို မိန့်သတည်း။ ]
၂။ အဒိန္နံ မာနုသံ ဘဏ္ဍံ၊ ထေယျာယေကေန အာဒိယံ။ ပဉ္စဝီသာ ဝဟာရေသု၊ ဂရုကံ စေ စုတော ဘဝေ။ ။
၂။ ယောဘိက္ခု၊ သည်။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော။ ဂရုကံ၊ ငါးပဲထိုက်သော။ မာနုသံဘဏ္ဍံ၊ လူ၏ဥစ္စာကို။ ပဉ္စဝီသာဝဟာရေသု၊ နှစ်ဆယ့်ငါးပါးကုန်သော ခိုးခြင်းတို့တွင်။ ဧကေန၊ တစ်ပါးပါးသော။ ထေယျာယ-ထေယျေန၊ ခိုးခြင်းဖြင့်။ စေအာဒိယံ၊ အကယ်၍ ယူအံ့။ သောဘိက္ခု၊ သည်။ စုတော၊ ဘုရားသခင် သာသနာတော်မှ ရွေ့လျော့သည်။ ဘဝေ၊ ၏ ။
[ ဤအနက်ယောဇနာခြင်းကား-ငါတို့ အလိုတည်း။ ]
ယောဘိက္ခု၊ သည်။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော။ ဂရုကံ၊ သော။ မာနုသံဘဏ္ဍံ၊ ကို။ စေအာဒိယံ၊ အကယ်၍ယူအံ့။ သောဘိက္ခု၊ သည်။ ပဉ္စဝီသာဝဟာရေသု၊ နှစ်ဆယ့်ငါးပါးကုန်သော ခိုးလိုသော စိတ်တို့တွင်။ ဧကေန-ဧကေကသ္မိံ၊ တစ်ပါးပါးသော။ ထေယျာယ-ထေယျစိတ္တေ၊ ခိုးလိုသောစိတ်ရှိသည်။ သတိ၊ သော်။ စုတော၊ သည်။ ဘဝေ၊ ၏ ။
[ ဤအနက်ယောဇနာခြင်းကား-ဋီကာဆရာ အလိုတည်း။ ]
[ ခိုးလိုသောစိတ်သည် နှစ်ဆယ့်ငါးပါးအပြားမရှိ၊ ခိုးခြင်းသာလျှင် နှစ်ဆယ့်ငါးပါးအပြားရှိ၏ ၊ ထို့ကြောင့် ဋီကာဆရာ စကားကို ဆင်ခြင်အပ်၏ ။ ။ ထေယျာယကားလိင်္ဂဝိပလ္လာသတည်း၊ ဝိစ္ဆာအနက်ကို လိုအပ်သည်၏ အဖြစ်ကြောင့် ထေယျာယေကကေန-ဟု ဆိုအပ်လျက် ဆန္ဒာနုရက္ခနအားဖြင့် က-တစ်လုံးကိုချေ၍ ထေယျာယေကေန-ဟု ဆိုအပ်သတည်း၊ ထို့ကြောင့် ဋီကာ၌-ထေယျာယာတိ လိင်္ဂဝိပလ္လာသော၊ ဧကေနာတိ ဧကကေန၊ ဝိစ္ဆာလောပေါယံ-ဟူသော စကားကိုဆိုတော်မူသတည်း။ ။ မာနုသံ ဘဏ္ဍံ-ဟူသောပါဌ်ဖြင့် နတ်တို့၏၎င်း၊ ဘီလူး, ပြိတ္တာ, တိရစ္ဆာန်တို့၏၎င်း၊ ဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူသော်လည်း အာပတ်မသင့်ဟူသော အနက်ကိုမူလသိက္ခာဆရာပြတော်မူ၏ ၊ ထို့ကြောင့် ပါဠိတော်၌-အနာပတ္တိ ပေတပရိဂ္ဂဟေ တိရစ္ဆာနပရိဂ္ဂဟေ-ဟူ၍ ဟောတော် မူသတည်း၊ အဋ္ဌကထာ၌လည်း။ ။ စာတုမဟာရာဇိကာဒယော ဒေဝါပိ သဗ္ဗေပေတာတွေဝ သင်္ချံ ဂတာ၊ တေသံ ပရိဂ္ဂဟေ အနာပတ္တိ-ဟု ဆိုတော်မူသတည်း။ ]
[ ဆရာ...နှစ်ဆယ့်ငါးပါးသော ခိုးခြင်းဟု ဆရာဆိုပြီ၊ နှစ်ဆယ့်ငါးပါး ဟုသည်ကား-အဘယ်နည်းဟု သူမေးဘွယ်ရှိ၍ နှစ်ဆယ့်ငါးပါးသော ခိုးခြင်းတို့၏ သရုပ်ကို ပြခြင်းငှါ-အာဒိယန္တော။ ပ။ ပရာဇိကော။ ။ ဟူသော ဂါထာကို မိန့်သတည်း။ ]
၃။ အာဒိယန္တော ဟရန္တောဝ၊ ဟရန္တော ဣရိယာပထံ။ ဝိကောပေန္တော တထာ ဌာနာ၊ စာဝေန္တော ပိ ပရာဇိကော။ ။
၃။ အာဒိယန္တောပိ၊ အရံအစရှိသည်ကို တရားစိစစ်၍ အနိုင် အထက်နှိပ်စက်၍ယူသော ရဟန်းသည်၎င်း။ ဟရန္တောပိ၊ မိမိသည် ဆောင်အပ်သော သူတစ်ပါး၏ ဥစ္စာကိုခိုးသော ရဟန်းသည်၎င်း။ အဝဟရန္တောပိ၊ မိမိလက်၌ နှံ၍ထားသော ဥစ္စာကိုခိုးသော ရဟန်းသည်၎င်း။ ဣရိယာပထံ၊ ဣရိယာပုထ်ကို။ ဝိကောပေန္တောပိ၊ ကျွဲ, နွားစသည်ကို ပြောင်းရွှေ့လျက် ခိုးသောရဟန်းသည်၎င်း။ တထာ၊ ထိုမှတစ်ပါး။ ဌာနာ၊ ထားရာအရပ်မှ။ စာဝေန္တောပိ၊ ရွေ့စေသော ရဟန်းသည်၎င်း။ ပရာဇိကော၊ ဘုရားသခင် သာသနာတော်မှ ရှုံးခြင်းသို့ရောက်သည်။ ဘဝေ၊ ၏ ။
[ အချို့သောစာ၌ အာဒိယန္တောအဝဟရန္တော-ဟု ဂါထာပါဌ်အစဉ်ရှိ၏ ၊ ဂါထာဗန္ဓအားဖြင့် မသင့်သောကြောင့် ထိုသို့ရှိသောပါဌ်သည်မသင့်၊ အာဒိယန္တော ဟရန္တောဝ-ဟု ရှိသော ဂါထာပါဌ်သာလျှင် သင့်မြတ်၏ ၊ ဝါကျမပြတ်ဘဲလျက် ပါဒပြတ်၍ ပုဒ်ဖြတ်သင့်အံ့လော ဟူမူကား-ရှေ့, နောက်၌ အက္ခရာအများ ကြွင်းရာ၌ ဝါကျမပြတ်သော်လည်း ပုဒ်ဖြတ်သင့်၏ ၊ အက္ခရာတစ်လုံးသာကြွင်းမူကား ပုဒ်မဖြတ်သင့်၊ ထို့ကြောင့် သုဗောဓာလင်္ကာရ၌-
ယတိ သဗ္ဗတ္ထ ပါဒန္တေ၊ ဝုတ္တဍ္ဎေစ ဝိသေသတာ။ ပုဗ္ဗာပရနေကဝဏ္ဏ၊ ပဒမဇ္ဈေပိ ကတ္ထစိ။ ။ ဟု မိန့်တော်မူသည်။
သဗ္ဗတ္ထ၊ အလုံးစုံသောဂါထာ၌။ ပါဒန္တေစ၊ လေးပါဒတို့၏ အဆုံး၌၎င်း။ ဝုတ္တဍ္ဎေစ၊ ဂါထာဝက်၌၎င်း။ ဝိသေသတာ၊ ဧကန်စင်စစ်အားဖြင့် ပဒတို့၏ ပုဒ်ဖြတ်ခြင်းကို။ ကာတဗ္ဗာ၊ ပြုအပ်၏ ။ ကတ္ထစိ၊ အချို့သောဂါထာ၌။ ပုဗ္ဗာပရနေကဝဏ္ဏပဒမဇ္ဈေပိ၊ ရှေ့, နောက်များသော ဝဏ္ဏရှိသောပုဒ်၏ အလယ်၌လည်း။ ယတိ၊ ကို။ ကာတဗ္ဗာ၊ ၏ ။
[ ဤသို့ သုဗောဓာလင်္ကာရ ဂါထာကို ယောဇနာ။ ]
ပါရာဇိကော-ဟု ဆိုအပ်လျက် ဆန္ဒာနုရက္ခနအားဖြင့် ပ-အစိတ် အာ-ကို အ-ရဿပြု၍ ပရာဇိကောဟူ၍ ဆိုတော်မူသတည်း၊ ထို့ကြောင့် ခုဒ္ဒသိက္ခာဋီကာ၌-ပါရာဇိကောတိ ဝတ္တဗ္ဗေ ဆန္ဒာနုရက္ခနတ္ထံ ပရာဇိကောတိ ဝုတ္ထံ၊ ဟုဆိုသတည်း။ ]
[ အာဒိယန္တောအစရှိကုန်သော ငါးပုဒ်တို့၏အထူးကား-အရာမှရွေ့စေခြင်းငှါ မတတ်ကောင်းသောလယ်, ယာ, အရံ, ကျောင်းအစရှိသည်တို့ကို တရားစိစစ်၍ မိမိဥစ္စာမဟုတ်ဘဲလျက် စဉ်းလဲသောသက်သေကိုပြ၍ အနိုင်အထက်နှိပ်စက်၍ ယူသောရဟန်း၏ ခိုးခြင်းသည် အာဒိယန္တမည်၏ ၊ သူတစ်ပါး၏ဥစ္စာကို အကျိုးလိုသကဲ့သို့ဆောင်၍ ဆိတ်ကွယ်ရာအရပ်၌ ခိုးယူပြေးသောရဟန်း၏ ခိုးခြင်းသည် ဟရန္တမည်၏ ၊ မိမိလက်၌သူတစ်ပါးအပ်နှံ၍ ထားသောဥစ္စာကို ခိုးသောရဟန်း၏ ခိုးခြင်းသည် အဝဟရန္တမည်၏ ၊ နွား, ကျွဲ အစရှိသော သဝိညာဏကဖြစ်သော ဥစ္စာကိုဝယ်၍နေသော နွား, ကျွဲ အစရှိသည်ကို ထစေ၍ ရပ်၍နေသော နွား, ကျွဲ အစရှိသည်ကို သွားစေ၍ခိုးခြင်းသည် ဣရိယာပထဝိကောပေန္တမည်၏ ၊ ပူတာတံတင်းအစရှိသည်တို့၌ သိုမှီး၍ထားသောဥစ္စာကို ညဉ့်အခါ အစရှိသည်တို့၌ အရာမှရွှေ့စေ၍ ခိုးခြင်းသည် ဌာနာစာဝေန္တမည်၏ ။ ]
[ ဆရာ...နှစ်ဆယ့်ငါးပါးသော ခိုးခြင်းတို့ကိုပြခြင်းငှါ အာဒိယန္တော ဟရန္တောအစရှိသော ထိုဂါထာကို ဆရာဆိုတော်မူ၏ ၊ ထိုဂါထာ၌ အဘယ်မျှသော ခိုးခြင်းတို့ကို ရအပ်ကုန်သနည်းဟု သူမေးဖွယ်ရှိ၍ ထိုအမေးကို ဖြေခြင်းငှါ တတ္ထ။ ပ။ ဝိညာတဗ္ဗာဝိဘာဝိနာ။ ။ ဟူသောဂါထာကို မိန့်ဆိုသတည်း။ ]
၄။ တတ္ထ နာနေကဘဏ္ဍာနံ၊ ပဉ္စကာနံ ဝသာ ပန။ အဝဟာရာ ဒသဉ္စေတိ၊ ဝိညာတဗ္ဗာ ဝိဘာဝိနာ။ ။
၄။ တတ္ထ-တိဿံဂါထာယံ၊ ထိုအာဒိယန္တော ဟရန္တော အစရှိသော ဂါထာ၌။ နာနေကဘဏ္ဍာနံ၊ အထူးထူးသောဥစ္စာ, တစ်ခုတည်းသောဥစ္စာဟုဆိုအပ်ကုန်သော။ [ တစ်နည်းကား။ ] နာနာဘဏ္ဍပဉ္စက, ဧကဘဏ္ဍပဉ္စကဟုဆိုအပ်ကုန်သော။ ပဉ္စကာနံ၊ ပဉ္စကနှစ်ပါးတို့၏ ။ ဝသာ၊ အစွမ်းအားဖြင့်။ ဒသ၊ ဆယ်ပါးကုန်သော။ အဝဟာရာ၊ ခိုးခြင်းတို့ကို။ လဗ္ဘန္တိ၊ ရအပ်ကုန်၏ ။ ဣတိ-တသ္မာ၊ ကြောင့်။ ဒွေပဉ္စကာ၊ နှစ်ပါးကုန်သော ပဉ္စကတို့ကို။ ဝိဘာဝိနာ၊ ပညာရှိသည်။ ဝိညာတဗ္ဗာ၊ သိအပ်ကုန်၏ ။
[ ဤဂါထာ၌ ပနသဒ္ဒါ, စသဒ္ဒါတို့ကားနိပါတ်မျှသာတည်း၊ ဒွေပဉ္စကာကိုကား ကံအလို့ငှါထည့်သည်။
အကျဉ်း အဓိပ္ပါယ်ကား- ရှေ့ဂါထာ၌ဆိုအပ်ပြီးသော အာဒိယန္တ, ဟရန္တ, အဝဟရန္တ, ဣရိယာပထဝိကောပေန္တ, ဌာနာစာဝေန္တ၊ ဤငါးပါးသောခိုးခြင်းတို့တွင် တစ်ပါးတစ်ပါးသောခိုးခြင်း၌ အထူးထူးသောဘဏ္ဍာကိုခိုးခြင်း, တစ်ခုတည်းသောဘဏ္ဍာကိုခိုးခြင်းဟူ၍ နှစ်ပါးနှစ်ပါးစီရကောင်းသောကြောင့် ပဉ္စကနှစ်ပါးစီရကောင်းရကား-ဆယ်ပါးကုန်သော ခိုးခြင်းတို့ကိုရအပ်ကုန်၏ ဟူလိုသော်။ ]
[ ဤသို့နာနာဘဏ္ဍပဉ္စက, ဧကဘဏ္ဍပဉ္စကအားဖြင့် ပဉ္စကနှစ်ပါးကို ပြပြီး၍ သာဟတ္ထိကပဉ္စကကို ပြတော်မူလို၍-သာဟတ္ထာဏတ္တိကော။ ပ။ ဣဒံသာဟတ္ထိပဉ္စကံ။ ။ ဟူသော ဂါထာကို မိန့်သတည်း။ ]
၅။ သာဟတ္ထာ ဏတ္တိကော စေဝ၊ နိဿဂ္ဂေါ စာတ္ထသာဓကော။ ဓုရနိက္ခေပနဉ္စေဝ၊ ဣဒံ သာဟတ္ထိပဉ္စကံ။ ။
၅။ သာဟတ္ထောစ၊ မိမိလက်ဖြင့်ခိုးခြင်း၎င်း။ အာဏတ္တိကောစေဝ၊ သူတစ်ပါးကိုစေ၍ခိုးခြင်း၎င်း။ နိဿဂ္ဂေါစ၊ ကင်းထားရာအရပ်၏အတွင်း၌ တည်သောဥစ္စာကို ကင်းထားရာအရပ်၏အပသို့ ပစ်လိုက်သဖြင့် ခိုးခြင်း၎င်း။ အတ္ထသာဓကောစ၊ မခိုးမီကပင် ပါရာဇိကသို့ရောက်ခြင်းဟူသော အကျိုးကိုပြီးစေတတ်သောခိုးခြင်း၎င်း။ ဓုရနိက္ခေပနဉ္စေဝ၊ ငါမပေးပြီဟူ၍ ဝန်ချသဖြင့်ခိုးခြင်း၎င်း။ ဣဒံ၊ ဤခိုးခြင်းငါးပါးအပေါင်းသည်။ သာဟတ္ထိပဉ္စကံ၊ သာဟတ္ထိကပဉ္စကမည်၏ ။
[ သာဟတ္ထာဏတ္တိကောကို သာဟတ္ထော အာဏတ္တိကောဟု ပုဒ်ဖြတ်၊ သာဟတ္ထိကာဏတ္တိကောဟု ဆိုအပ်လျက် ဆန္ဒာနုရက္ခနအားဖြင့် ဣကပစ္စည်းကိုချေ၍ သာဟတ္ထာဏတ္တိကောဟု ဆိုသတည်း၊ သာဟတ္ထိက ပဉ္စကဟူသော အမည်သည် ကုသလတိက်၊ ပါရာဇိကဏ်အစရှိသော အမည်ကဲ့သို့ အာဒိလဒ္ဓအမည်တည်း။
ထိုငါးပါးတို့တွင် သာဟတ္ထိက, အာဏတ္တိက နှစ်ပါးကားထင်ရှား၏ ၊ ကင်းခွန်ပေးခြင်းငှါ ထိုက်သောဥစ္စာကို ကင်းခွန်ပေးရအံ့သည်မှ ကြောက်သောကြောင့် ကင်းထားရာအရပ်၏ အပသို့ပစ်လိုက်၍ ခိုးခြင်းသည် နိဿဂ္ဂိယခိုးခြင်းမည်၏ ၊ တစ်ယောက်သောရဟန်းသည်, တစ်ယောက်သောရဟန်းကို ဤဥစ္စာကိုခိုးချေဟုစေအံ့၊ စေအပ်သောရဟန်းသည် အနှစ်တစ်ရာ, အနှစ်တစ်ထောင်မှပင် ဧကန်စင်စစ်ခိုးလတ္တံံ့သည်ဖြစ််အံ့၊ စေတတ်သောရဟန်းသည် စေသောခဏ၌ပင် ပါရာဇိကသို့ ရောက်၏ ၊ ဤသို့မခိုးမီကာလကပင် ပါရာဇိကသို့ စေသောခဏ၌ပင် ပါရာဇိကသို့ ရောက်၏ ၊ ဤသို့မခိုးမီကာလကပင် ပါရာဇိကသို့ ရောက်ခြင်းတည်းဟူသောအကျိုးကို ပြီးစေတတ်သောခိုးခြင်းသည် အတ္ထသာဓကမည်၏ ၊ မိမိလက်၌အပ်နှံထားသော ဥစ္စာကိုခိုးလိုသောစိတ်ဖြင့် ယူသောရဟန်းသည် ယူသောခဏ၌ ပါရာဇိကသို့မရောက်သေး၊ အကြင်အခါ၌ ဥစ္စာရှင်သည် ငါ့ဥစ္စာကိုပေးလော့ဟု ဆိုအပ်သည်ရှိသော် ငါမယူဟု ဆိုသောကြောင့် ဥစ္စာရှင်လည်း ဤရဟန်းသည် ငါ့အားမပေးချေပြီဟု ဝန်ချသောကာလ၌ ရဟန်းသည် ပါရာဇိကသို့ ရောက်၏ ၊ ဤသို့ခိုးသော ရဟန်းသည်လည်း ငါမပေးပြီဟု ဝန်ချပြီးမှ ဥစ္စာရှင်သည် ငါမရချေပြီဟု ဝန်ချမှ ပါရာဇိကသို့ ရောက်သောကြောင့် ဓုရနိက္ခေပမည်၏ ၊ အာဏတ္တိကနှင့် အတ္ထသာဓကအား အနက်အားဖြင့် တူ၏ ၊ သဒ္ဒါမျှသာပြားသတည်း။ ]
[ ဤသို့ သာဟတ္ထိကပဉ္စကကို ပြပြီး၍ ပုဗ္ဗပယောဂပဉ္စကကို ပြတော်မူလို၍-ပုဗ္ဗသဟပယောဂေါစ။ ပ။ ပုဗ္ဗယောဂေါတိပဉ္စကံ။ ။ ဟူသော ဂါထာကို မိန့်သတည်း။ ]
၆။ ပုဗ္ဗသဟပ္ပယောဂေါစ၊ သံဝိဓာဟရဏမ္ပိ စ။ သင်္ကေတကမ္မံ နိမိတ္တံ၊ ပုဗ္ဗယောဂေါတိ ပဉ္စကံ။ ။
၆။ ပုဗ္ဗသဟပ္ပယောဂေါစ၊ မခိုးမီရှေးအဘို့၌ ဖြစ်သော ပယောဂဖြင့်ခိုးခြင်း, ခိုးခြင်းနှင့်တကွ ဖြစ်သောခိုးခြင်း၎င်း။ သံဝိဓာဟရဏမ္ပိစ၊ များစွာသောရဟန်းတို့သည် တိုင်ပင်ညီညွတ်၍ ခိုးခြင်း၎င်း။ သင်္ကေတကမ္မဉ္စ၊ အပိုင်းအခြားကိုပြု၍ခိုးခြင်း, အပိုင်းအခြားကိုလွန်၍ခိုးခြင်း၎င်း [ လည်းဟူ။ ] နိမိတ္တဉ္စ၊ မျက်စိမှိတ်ခြင်း၊ လည်ညိတ်ခြင်း အစရှိသည်ဖြင့် နိမိတ်ပြု၍ ခိုးခြင်း၎င်း။ ဣတိဣဒံပဉ္စကံ၊ ဤခိုးခြင်းငါးပါးအပေါင်းသည်။ ပုဗ္ဗပယောဂေါ၊ ပုဗ္ဗပယောဂမည်၏ ။
[ ဤပုဗ္ဗပယောဂဟူသော အမည်သည် အာဒိလဒ္ဓအမည်၎င်းတည်း၊ ထိုပုဗ္ဗပယောဂပဉ္စက၌ ပုဗ္ဗပယောဂဖြင့် ခိုးခြင်းကို သူတစ်ပါးကိုစေ၍ ခိုးသော အခါ၌ရအပ်၏ ၊ ထို့ကြောင့်ပုဗ္ဗပယောဂနှင့် အာဏတ္တိကပယောဂသည် သဒ္ဒါမျှသာထူး၏ ၊ အနက်အားဖြင့်ကားမထူး၊ အရာမှရွေ့စေ၍ ခိုးခြင်းသည် ဥစ္စာကိုချီသည်နှင့်တကွ ပါရာဇိကသို့ ရောက်သောကြောင့် သဟပယောဂမည်၏ ၊ များစွာသောရဟန်းတို့သည်တိုင်ပင်ညီညွတ်၍ တစ်ယောက်သော ရဟန်းကိုစေ၍ ခိုးစေကုန်အံ့၊ ထိုရဟန်းသည် ငါးပဲသော ဥစ္စာကိုခိုးအံ့၊ တိုင်ပင်ညီညွတ်ကုန်သော အလုံးစုံသော ရဟန်းတို့သည် ပါရာဇိကသို့ ရောက်ကုန်၏ ၊ ဤသို့တိုင်ပင်ညီညွတ်၍ခိုးခြင်းသည် သံဝိဓာဟရဏမည်၏ ၊ နံနက်အခါ၌မိုးလေ၊ ညဉ့်အခါ၌ မိုးလေ၊ ယနေ့ခိုးလေ၊ နက်ဖြန်ခိုးလေ၊ ဤသို့အစရှိသည်ဖြင့် ကာလအပိုင်းအခြားကိုပြု သူတစ်ပါးကိုစေ၍ ခိုးခြင်းသည် သင်္ကေတကမ္မမည်၏ ၊ မျက်စိမှိတ်ခြင်း, လည်ညိတ်ခြင်း, လက်ကိုလှုပ်ခြင်း အစရှိသော နိမိတ်ကိုပြု၍ သူတစ်ပါးကို စေ၍ခိုးခြင်းသည် နိမိတ္တကမ္မမည်၏ ၊ ဤသင်္ကေတကမ္မ, နိမိတ္တကမ္မနှစ်ပါးကိုလည်း သူတစ်ပါးကိုစေ၍ ခိုးသော အခါ၌သာရအပ်၏ ။ ]
[ ပုဗ္ဗပယောဂပဉ္စကကို ပြပြီး၍ ထေယျာဝဟာရပဉ္စကကိုပြတော်မူလို၍-ထေယျာပဿေ။ ပ။ ဝိညာတဗ္ဗာဝိဘာဝိနာ။ ။ ဟူသော ဂါထာကို မိန့်သတည်း။ ]
၇-ထေယျာပဿေ ပရိကပ္ပ၊ ပဋိစ္ဆန္နာ ကုသာတိကာ။ အဝဟာရာ ဣမေ ပဉ္စ၊ ဝိညာတဗ္ဗာ ဝိဘာဝိနာ။ ။
၇။ ထေယျာစ၊ တင်းစဉ်းလဲ, အသပြာစဉ်းလဲ အစရှိသည်ဖြင့် လှည့်ပတ်၍ခိုးခြင်း၎င်း။ ပဿေယှာစ၊ အနိုင်အထက်လုယက်ခြင်းကိုပြု၍ ခိုးခြင်း၎င်း။ ပရိကပ္ပါစ၊ ဥစ္စာကို၎င်း, အရပ်ကို၎င်းကြံ၍ခိုးခြင်း၎င်း။ [ တစ်နည်းကား။ ] ဥစ္စာကို၎င်း, အရပ်ကို၎င်းပိုင်းခြားခြင်းကိုပြု၍ ခိုးခြင်း၎င်း။ ပဋိစ္ဆန္နာစ၊ မြေမှုန့် , မြက်သစ်ရွက်အစရှိသည်တို့ဖြင့် ဖုံးလွှမ်း၍ခိုးခြင်း၎င်း။ ကုသာတိကာစ၊ ကမ္ပည်းပြောင်း၍ခိုးခြင်း၎င်း။ ဣဒံပဉ္စကံ၊ ထေယျာဝဟာရပဉ္စကမည်၏ ။ ပဉ္စ၊ ငါးပါးကုန်သော။ ဣမေ အဝဟာရာ၊ ဤခိုးခြင်းတို့ကို။ ဝိဘာဝိနာ၊ ပညာရှိသည်။ ဝိညာတဗ္ဗာ၊ သိအပ်ကုန်၏ ။
[ ဣဒံပဉ္စကံ ထေယျာဝဟာရ ပဉ္စကံကား-ပါဌသေသတည်း၊ ထေယျာပဿေယှာဟု ဆိုအပ်လျက် ဂါထာဗန္ဓအားဖြင့် ပဿေယှာ၌ ယှာအက္ခရာကို ချေ၍ ပဿေ-ဟူ၍သာ ဆိုအပ်သတည်း၊ သာဟတ္ထိကပဉ္စက, ပုဗ္ဗပယောဂပဉ္စက, ထေယျာဝဟာရပဉ္စက၊ ဤပဉ္စကသုံးခုတို့၏ အပေါင်းကို နာနာဘဏ္ဍပဉ္စက, ဧကဘဏ္ဍပဉ္စက၊ ဤပဉ္စကနှစ်ပါးနှင့်ရောသော် ငါးပါးသောပဉ္စကသည်ဖြစ်၏ ၊ ဤပဉ္စကငါးပါးသည် နှစ်ဆယ့်ငါးပါးသော ခိုးခြင်းဖြစ်၏ ။
ထေယျာဝဟာရ ပဉ္စက၌ ပေးသောကာလ၌ တင်းငယ်ဖြင့်ပေး၏ ၊ မိမိယူသောကာလ၌ တင်းကြီးနှင့်ယူ၍၎င်း၊ ရွှေ, ငွေမဟုတ်ဘဲကို ရွှေ, ငွေကဲ့သို့ပြု၍ မလိမ်မာသောသူတို့ကိုလှည့်ပတ်၍ အလွန်သောဥစ္စာကို ယူ၍၎င်းခိုးခြင်းသည် ထေယျာဝဟာရမည်၊ ခရီး၌စောင့်၍လုယက်ခြင်း, ရွာကိုဖျက်ခြင်းကို ပြု၍ခိုးခြင်းသည် ပဿေယှာဝဟာရ မည်၏ ၊ ဥစ္စာကိုပိုင်းခြားခြင်း, အရပ်ကိုပိုင်းခြားခြင်းကိုပြု၍ ခိုးခြင်းသည် ပရိကပ္ပါဝဟာရမည်၏ ၊ ထိုနှစ်ပါးကုန်သော ပိုင်းခြားခြင်း တို့တွင် ဤလောက၌ အချို့သောရဟန်းသည် တိုက်တွင်းသို့ဝင်၍ အကယ်၍ ပုဆိုးဖြစ်အံ့ယူအံ့၊ အကယ်၍ချည်ဖြစ်အံ့ မယူအံ့ဟုကြံ၍ ခိုးခြင်းသည် ဥစ္စာကိုပိုင်းခြားသည်မည်၏ ၊ ဤသို့ဥစ္စာကိုပိုင်းခြားခြင်း၌ မိမိယူသောအထုပ်သည် အကယ်၍ ပုဆိုးဖြစ်အံ့၊ ချီသောခဏ၌ ပါရာဇိကသို့ရောက်၏ ၊ အကယ်၍ချည်ဖြစ်အံ့၊ ပါရာဇိကသို့မရောက်သေး၊ အပသို့ထုတ်၍ ချည်ဟုသိပြီးလျက် ဤချည်ကိုပင် ငါယူတော့မည်ဟု ယူလေသောအခါ၌ကား ပါရာဇိကသို့ရောက်၏ ၊ ပစ်၍ထားခဲ့သောကြောင့် သူတစ်ပါးတို့ယူလေသော်၎င်း, ပျောက်ပျက်လေသော်၎င်း ဘဏ္ဍာစားပေးအပ်၏ ၊ အရံအစရှိသည်တို့၏အတွင်း၌ တည်သောဥစ္စာကို ဤအရံအစရှိသည်တို့၏ အတွင်း၌ အရှင်မြင်သည်ရှိသော်ပေးအံ့၊ မမြင်မူကား ယူအံ့ဟူ၍ အရပ်ကို ပိုင်းခြားခြင်းသည် အရပ်ကို ပိုင်းခြားသည်မည်၏ ၊ ဤအရပ်ကို ပိုင်းခြားခြင်း၌လည်း ပိုင်းခြားရာအရပ်ကိုလွန်မှသာ ပါရာဇိကသို့ရောက်၏ ၊ ဥစ္စာရှင်တို့သည် အဝတ်တန်ဆာတို့ကိုထား၍ တစ်စုံတစ်ခုသောအမှုကို ပြုကုန်စဉ် အဝတ်တန်ဆာဖြစ်သော ဥစ္စာကို မြေမှုန့်ဖြင့်၎င်း, မြက်သစ်ရွက်အစရှိသည်တို့ဖြင့်၎င်း ဖုံးလွှမ်းပိုင်းခြားခြင်းသည် ပဋိစ္ဆန္နာဝဟာရမည်၏ ၊ ဤသို့ပဋိစ္ဆန္နာဝဟာရ၌လည်း မြေအစရှိသည်တို့ဖြင့်ဖုံးလွှမ်းကာလ၌ ပါရာဇိကသို့မရောက်သေး၊ အကြင်အခါ၌ ဥစ္စာရှင်တို့သည် ရှာဖွေ၍မရသောကြောင့် မရချေပြီဟု ဝန်ချ၍သွားကုန်သော် ရဟန်းသည် ဥစ္စာကိုယူသောခဏ၌ ပါရာဇိကသို့ရောက်၏ ၊ စာရင်း, ကမ္ပည်း မှတ်၍ထားသောပုဆိုး, ဖျင် အစရှိသောဘဏ္ဍာ၌ မိမိ၏အဖိုးအနည်းထိုက်သော ပုဆိုး, ဖျင် အစရှိသည်၌ သူတစ်ပါး၏အမည်ဖြစ်သော စာရင်း, ကမ္ပည်းတံကို အဖိုးအများထိုက်သော သူတစ်ပါး၏ ပုဆိုး, ဖျင် အစရှိသည်၌ မိမိ၏အမည်ဖြစ်သော စာရင်း, ကမ္ပည်းတံကိုထား၍ ခိုးခြင်းသည် ကုသာဝဟာရမည်၏ ၊ ဤထေယျာဝဟာရဟူသော အမည်သည်လည်း အာဒိလဒ္ဓနာမ၎င်းတည်း။ ]
[ ဤဒုတိယပါရာဇိက၌ အင်္ဂါကား-အရှင်သိမ်းဆည်းသော ဥစ္စာလည်းဖြစ်စေ, အရှင်သိမ်းဆည်း၏ဟု အမှတ်ရှိသည်လည်းဖြစ်စေ, တစ်မတ်ထိုက်သောဥစ္စာလည်းဖြစ်စေ, ခိုးလိုသောစိတ်ရှိသည်လည်းဖြစ်စေ, နှစ်ဆယ့်ငါးပါးသော ခိုးခြင်းတို့တွင် တစ်ပါးပါးသောခိုးခြင်းဖြင့် ခိုးသည်လည်းဖြစ်စေ၊ ဤ ၅-ပါးတည်း။ ]
[ တစ်မတ်, တစ်မတ်ထိုက်သော ဥစ္စာ၏အရကို ရွှေစင်တစ်မတ်ထိုက်သောဥစ္စာကို ယူအပ်၏ ၊ ထို့ကြောင့် ဝိမတိဝိနောဒနီ၌-ကာဠကဝိရဟိတဿ နိဒ္ဓန္တသုဝဏ္ဏဿ ပဉ္စမာသဂ္ဃနကေန ဘဏ္ဍေန ပါဒပရိစ္ဆေဒေါ ကာတဗ္ဗော။ ။ ဟု ဆိုတော်မူသည်။ ]
[ ဤသို့ ဒုတိယပါရာဇိကကိုပြပြီး၍ တတိယပါရာဇိကကို ပြတော်မူလို၍-မနုဿပါဏံ။ ပ။ ပရာဇိကော။ ။ဟူသောဂါထာကို မိန့်သတည်း။ ]
၈။ မနုဿပါဏံ ပါဏောတိ၊ ဇာနံ ဝဓကစေတသာ။ ဇီဝိတာ ယော ဝိယောဇေတိ၊ သာသနာ သော ပရာဇိကော။ ။
၈။ ယောဘိက္ခု၊ သည်။ မနုဿပါဏံ၊ လူဇာတ်ဖြစ်သော သတ္တဝါကို။ ပါဏောတိ၊ သတ္တဝါဟူ၍။ ဇာနံ-ဇာနန္တော၊ သိလျက်။ ဝဓကစေတသာ၊ သတ်လိုသောစိတ်ဖြင့်။ [ သေစေလိုသော စိတ်ဖြင့်လည်းဟူ။ ] [ တစ်နည်းကား။ ] ဝဓကစေတသာ၊ သတ်လိုသောစေတနာဖြင့်။ [ သေစေလိုသောစေတနာဖြင့်လည်းဟူ။ ] ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ [ အသက်မှလည်းတူ။ ] ဝိယောဇေတိ၊ ခွင်းအံ့။ [ ချအံ့လည်းဟူ။ ] သောဘိက္ခု၊ သည်။ သာသနာ၊ ဘုရားသခင်သာသနာတော်မှ။ ပရာဇိကော၊ ရှုံးခြင်းသို့ရောက်သည်။ ဘဝေ၊ ၏ ။
[ ဤ၌လည်း ပါရာဇိကောဟုဆိုအပ်လျက် ဆန္ဒာနုရက္ခနအားဖြင့် ပ-အစိတ် အာ-ကို အ-ရဿပြု၍ ပရာဇိကောဟု ဆိုအပ်သတည်း၊ ပါဏောတိဟု သာမညဆိုတော်မူသောကြောင့် လူဇာတ်ဟူ၍ အမှတ်မရှိမူ၍ သတ္တဝါဟူ၍ အမှတ်ရှိ၍ လူဇာတ်ကိုသတ်မိအံ့၊ အရာကိုမှတ်သည်ရှိသော် ပါရာဇိကသို့ရောက်၏ ၊ လူဇာတ်ဟူ၍သိမှသာ ပါရာဇိကသို့ရောက်သည်မဟုတ်ဟု မှတ်အပ်၏ ၊ ဝဓကစေတသာဟူသောပါဌ်ဖြင့် သေစေလိုသော စိတ်မရှိမူ၍ ပုတ်ခတ်လိုသောစိတ်ဖြင့်သာ ပုတ်ခတ်သည်ရှိသော် သေသော်လည်း ပါရာဇိကသို့မရောက်ဟူသော အနက်ကို ဆရာသိစေတော်မူ၏ ။ ]
[ ဤတတိယ ပါရာဇိက၌အင်္ဂါကား-လူဇာတ်ဖြစ်သော သတ္တဝါလည်းဖြစ်စေ, သတ္တဝါဟု အမှတ်ရှိသည်လည်းဖြစ်စေ, သေစေလိုသော စိတ်ရှိသည်လည်းဖြစ်စေ, ကိုယ်ဖြင့်၎င်း၊ နှုတ်ဖြင့်၎င်း လုံ့လပြုသည်လည်းဖြစ်စေ, ထိုလုံ့လဖြင့် သေသည်လည်းဖြစ်စေ၊ ဤ ၅-ပါးတည်း။ ]
[ ဤသို့ တတိယပါရာဇိကကိုပြပြီး၍ စတုတ္ထပါရာဇိကကို ပြတော်မူလို၍-ဈာနာဒိဘေဒံ။ ပ။ ပရာဇိကော။ ။ ဟူသောဂါထာကို မိန့်သတည်း။ ]
၉။ ဈာနာဒိဘေဒံ ဟဒယေ အသန္တံ၊ အညာပဒေသဉ္စ ဝိနာဓိမာနံ။ မနုဿဇာတိဿ ဝဒေယျ ဘိက္ခု၊ ဉာတက္ခဏေ တေန ပရာဇိကော ဘဝေတိ။ ။
၉။ ယောဘိက္ခု၊ သည်။ ဟဒယေ၊ မိမိနှလုံး၌။ အသန္တံ၊ ထင်ရှားမရှိသော။ ဈာနာဒိဘေဒံ၊ ဈာန်အစရှိသောအပြားကို။ အညာပဒေသဉ္စ၊ သူတစ်ပါးကိုညွှန်းခြင်းကို၎င်း။ အဓိမာနဉ္စ၊ ရနိုးခြင်းကို၎င်း။ ဝိနာ၊ ကြဉ်၍။ အနုဿဇာတိဿ၊ လူဇာတ်ဖြစ်သောသူအား။ ဝဒေယျ၊ ပြောဟောငြားအံ့။ သောဘိက္ခု၊ သည်။ တေန၊ ထိုပြောဟောအပ်သောသူသည်။ ဉာတက္ခဏေ၊ သိသောခဏ၌။ [ တစ်နည်းကား။ ] ပြောဟောသောခဏ၌ သိသည်ရှိသော်။ ပရာဇိကော၊ သည်။ ဘဝေ၊ ဖြစ်၏ ။
[ ဈာနာဒိဘေဒံ၌ အာဒိသဒ္ဒါဖြင့် ဝိမောက္ခ, သမာဓိ, မာပတ္တိ, မဂ္ဂ, ဖလသစ္ဆိကိရိယ, ကိလေသပ္ပဟာနအစရှိသော ဥတ္တရိမနုဿဓမ္မကိုယူလေ၊ ထိုဈာနာဒိဘေဒံ-ဟူသောပါဌ်ဖြင့် သီလမရှိဘဲလျက် ငါသီလရှိ၏ ၊ ပိဋကတ်ကိုမဆောင်ဘဲလျက် ငါပိဋကတ်တော်ကိုဆောင်၏ ၊ ဓုတင်ကို မဆောက်တည်ဘဲလျက် ငါဓုတင်ကို ဆောက်တည်၏ဟု ပြောဆိုကာမျှဖြင့် ပါရာဇိကသို့ မရောက်ဟူသော အနက်ကို ဆရာသိစေတော်မူ၏ ၊ တစ်ပါးသောအာပတ်သို့ မူကားရောက်၏ ။
ဟဒယေအသန္တံ-ဟူသော ပါဌ်ဖြင့် မိမိ၌ထင်ရှားရှိသောဈာန် အစရှိသော ဥတ္တရိမနုဿဓမ္မကို လာဘ် အကျော်အစောကို အလိုရှိ၍ပြောဟောမိသော်လည်း ပါရာဇိကသို့ မရောက်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ။
အညာပဒေသံ-ဟူသောပါဌ်ဖြင့် အကြင်ရဟန်းသည် သင်၏ ကျောင်း၌နေ၏ ၊ ထိုရဟန်းသည် ရဟန္တာတည်း၊ ဤသို့အစရှိသည်ဖြင့် သူတစ်ပါးကိုညွှန်း၍ မဟုတ်မမှန်ပြောဟောမိသော်လည်း ပါရာဇိကသို့ မရောက်ဟူသော အနက်ကို ဆရာသိစေတော်မူ၏ ။
အဓိမာနံ-ဟူသောပါဌ်ဖြင့် မိမိ၌ထင်ရှားမရှိခဲ့သော်လည်း ဤငါ၌ဥတ္တရိမနုဿဓမ္မသည် ထင်ရှားရှိ၏ဟု အမှတ်ရှိ၍ပြောဟောသော်လည်း ပါရာဇိကသို့မရောက်ဟူသော အနက်ကို ဆရာသိစေတော်မူ၏ ။
မနုဿဇာတိဿ-ဟူသောပါဌ်ဖြင့် လူယောင်ဆောင်သော ဂဠုန်, နဂါးအစရှိသော တိရစ္ဆာန်တို့အား၎င်း၊ နတ်, ဘီလူး, ပြိတ္တာတို့အား၎င်း ဥတ္တရိမနုဿဓမ္မကို ပြောဟောသော်လည်း ပါရာဇိကသို့မရောက်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ။
ဉာတက္ခဏေ တေန-ဟူသောပါဌ်ဖြင့် ထိုသို့ပြောဟောအပ်သော ဥတ္တရိမနုဿဓမ္မကို ပြောဟောအပ်သောသူမသိ၊ တစ်ပါးသောသူ သိသော်လည်း ပါရာဇိကသို့ မရောက်ဟူသောအနက်ကို ဆရာသိစေတော်မူ၏ ။ ]
[ ဤစတုတ္ထပါရာဇိက၌ အင်္ဂါကား-ဥတ္တရိမနုဿဓမ္မ၏ မိမိ၌ထင်ရှားမရှိခြင်း, မကောင်းသော အလိုဣစ္ဆာဖြင့် ထိုဥတ္တရိမနုဿဓမ္မကို ပြောဟောခြင်း, မိမိကိုယ်သို့ တိုက်ရိုက်ဆောင်၍ ဟောပြောခြင်း, အကြင်သူအား ဥတ္တရိမနုဿဓမ္မကို ပြောဟော၏ ၊ ထိုပြောဟောအပ်သောသူ၏ လူဇာတ်ဖြစ်ခြင်း, ထိုသို့ပြောဟောသောခဏ၌ ပြောဟောအပ်သောသူကို သိစေခြင်း၊ ဤ ၅-ပါးတည်း။ ]
ပါရာဇိကနိဒ္ဒေသပြီး၏ ။