၁။ အနုပ္ပန္န အကုသိုလ်
အနုပ္ပန္နာနန္တိ ဧကသ္မိံ ဝါ ဘဝေ တထာရူပေ ဝါ အာရမ္မဏေ အတ္တနော န ဥပ္ပန္နာနံ။ ပရဿ ပန ဥပ္ပဇ္ဇမာနေ ဒိသွာ “အဟောဝတ မေ ဧဝရူပါ ပါပကာ အကုသလာဓမ္မာ န ဥပ္ပဇ္ဇေယျု”န္တိ ဧဝံ အနုပ္ပန္နာနံ ပါပကာနံ အကုသလာနံ ဓမ္မာနံ အနုပ္ပါဒါယ။ ပ ။ ပဒဟတီတိ ကာမံ တစော စ နှာရု စ အဋ္ဌိ စ အဝသိဿတူတိ ပဒဟနံ ပဝတ္တေတိ။ (ဒီ၊ဋ္ဌ၊၂၊၃၉၂-၃၉၃။)
အနုပ္ပန္နာနန္တိ အသမုဒါစာရဝသေန ဝါ အနနုဘူတာရမ္မဏဝသေန ဝါ အနုပ္ပန္နာနံ။ အညထာ ဟိ အနမတဂ္ဂေ သံသာရေ အနုပ္ပန္နာ ပါပကာ အကုသလာ ဓမ္မာ နာမ န သန္တိ။ တေနာဟ “ဧကသ္မိံ ဘဝေ”တိအာဒိ။ (ဒီ၊ဋီ၊၂၊၃၄၆။)
အစမထင် အနမတဂ္ဂ သံသရာတစ်ခွင်၌ သတ္တဝါတစ်ဦး၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် မဖြစ်ဖူးသောယုတ်မာသော အကုသိုလ်တရား မည်သည် မရှိကောင်းသည်သာ ဖြစ်၏။ ဤ၌ အနုပ္ပန္န = မဖြစ်သေးသောယုတ်မာသော အကုသိုလ်တရားဟူသည် တစ်ခုသော ဘဝ၌ မိမိ၏ ရုပ်နာမ်သန္တာန် အစဉ်ဝယ် မပြတ်မလပ် မဖြစ်ခြင်း၏ အစွမ်းဖြင့် မဖြစ်ဖူးကုန်သော အကုသိုလ်တို့သည်လည်း အနုပ္ပန္နအကုသိုလ်တို့ မည်ကုန်၏။ သတ္တဝါတစ်ဦးအဖို့ တစ်ခုသော ဘဝ၌ မခံစားဖူးသော အာရုံတို့သည်လည်း များစွာရှိကြကုန်သည်သာ ဖြစ်ကုန်၏။ တစ်ခုသော ဘဝ၌ မခံစားဖူးသော အာရုံတို့၏ အစွမ်းဖြင့် မခံစားဖူးသော အာရုံတို့ကို အကြောင်းပြု၍ မိမိ၏ ရုပ်နာမ်သန္တာန် အစဉ်၌ မဖြစ်ဖူးကုန်သော အကုသိုလ်တို့သည်လည်း အနုပ္ပန္နအကုသိုလ်တို့ မည်ကုန်၏။
ယောဂါဝစရပုဂ္ဂိုလ်သည် သူတစ်ပါး၏ သန္တာန်၌ ထိုအနုပ္ပန္နအကုသိုလ် နှစ်မျိုးတို့ကို ထင်ရှားဖြစ်နေကြသည်တို့ကို တွေ့မြင်ရသော် --- “ငါ၏သန္တာန်၌ ဤသို့ သဘောရှိကုန်သော ယုတ်မာကုန်သော အကုသိုလ်တရားတို့သည် မဖြစ်ကြပါကုန်မူကား ဪ ကောင်းလေစွ”ဟု ဤသို့လျှင် နှလုံးပိုက်၍ ထိုနှစ်မျိုးကုန်သော ယုတ်မာကုန်သော မိမိသန္တာန်၌ မဖြစ်သေးကုန်သော အနုပ္ပန္နအကုသိုလ်တရားတို့ကို မဖြစ်ရန် ဦးတည်၍ ထိုအကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေတတ်သော အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂသတိပဋ္ဌာနမဂ်ဟုဆိုအပ်သော သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို ထမြောက်အောင်မြင် ပြီးစီးစေတတ်သော စွမ်းအားရှိသော ဝီရိယနှင့် ယှဉ်သော ဆန္ဒဓာတ်ကို ဖြစ်စေ၏၊ ကြိုးစားအားထုတ်၏၊ ကာယိကဝီရိယ စေတသိကဝီရိယကိုဖြစ်စေ၏၊ လုံ့လပြု၏၊ ဝီရိယဖြင့် စိတ်ဓာတ်ကို မြှင့်တင်ပေး၏။
- ၁။ အရေ ကြွင်းစေ,
- ၂။ အကြော ကြွင်းစေ,
- ၃။ အရိုး ကြွင်းစေ,
- ၄။ အသား အသွေးတွေ ခန်းခြောက်ချင် ခန်းခြောက်ပါစေ ---
ယောက်ျားတို့၏ ဇွဲလုံ့လ ဝီရိယဖြင့် ရနိုင်သည့် အရာမှန်က ငါ နောက်သို့ မည်သည့်အခါမျှ မဆုတ်ပေအံ့ဟု အင်္ဂါလေးပါးရှိသော ဝီရိယ ခြံရံလျက် သမထ ဝိပဿနာ ဘာဝနာကျင့်စဉ်တို့ကို တကယ်ကျင့်ဖို့ရန် စိတ်ကိုဆောက်တည်၏၊ တကယ် ကျင့်၏။