နေက္ခမ္မသိတဝေဒနာ = သေဝိတဗ္ဗဝေဒနာ
ဤအထက်ပါ နေက္ခမ္မသိတဝေဒနာဟုလည်း ခေါ်ဆိုသော နိရာမိသ သုခဝေဒနာ, နိရာမိသ ဒုက္ခဝေဒနာ,နိရာမိသ ဥပေက္ခာဝေဒနာတို့ကား အဆင့်မြင့်မားလှ၏၊ ပရမတ်သို့ ဉာဏ်အမြင် မဆိုက်သေးသူ ယောဂီသူတော်စင်တို့၏ သန္တာန်၌ ဖြစ်ဖို့ရန် အလွန်ခဲယဉ်းသော ဝေဒနာများ ဖြစ်ကြ၏။ ပရမတ်သို့ ဉာဏ်အမြင် ဆိုက်ပြီးသူ ယောဂီသူတော်စင်တို့၏ သန္တာန်၌သာ ဖြစ်နိုင်သော ဝေဒနာများဖြစ်ကြ၏။ အကောင်းဆုံးကို ညွှန်ပြသည့် ဥက္ကဋ္ဌနိဒ္ဒေသနည်းအားဖြင့် ယင်းနေက္ခမ္မသိတဝေဒနာများကို ဘုရားရှင်သည် ဟောကြားသွားတော်မူခြင်းဖြစ်၏။ ယင်းနေက္ခမ္မသိတ ဝေဒနာတို့ကား နိဗ္ဗာန်ကို လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်းအပေါင်းတို့သည် မှီဝဲသင့် မှီဝဲထိုက် မှီဝဲရမည့် ဝေဒနာတို့ ဖြစ်ကြ၏။ ယင်းမှီဝဲထိုက်သည့် နေက္ခမ္မသိတဝေဒနာတို့ကို တစ်နည်းဆိုရသော် ဝိပဿနာဉာဏ်ကို မရရှိနိုင်သေးသော သူတော်ကောင်းတို့၏ သန္တာန်၌လည်း ဖြစ်နိုင်သော နေက္ခမ္မသိတ ဝေဒနာတို့ကို မဟာဝဂ္ဂအဋ္ဌကထာ ဋီကာတို့၌ ဤသို့ ဖွင့်ဆိုထားတော်မူကြ၏။
- သေဝိတဗ္ဗန္တိ ဣဒံ နေက္ခမ္မဝသေန, ဝိပဿနာဝသေန, အနုဿတိဝသေန, ပဌမဇ္ဈာနာဒိဝသေန စ ဥပ္ပဇ္ဇနကသောမနဿံ သေဝိတဗ္ဗံ နာမ။ (ဒီ၊ဋ္ဌ၊၂၊၃၁၇။)
- သေဝိတဗ္ဗန္တိ ဣဒံ နေက္ခမ္မဝသေန, ဝိပဿနာဝသေန အနုဿတိဝသေန, ပဌမဇ္ဈာနာဒိဝသေန စ ဥပ္ပဇ္ဇနကဒေါမနဿံ သေဝိတဗ္ဗံ နာမ။ (ဒီ၊ဋ္ဌ၊၂၊၃၁၇။)
- သေဝိတဗ္ဗာတိ အယံ နေက္ခမ္မဝသေန ဝိပဿနာဝသေန အနုဿတိဋ္ဌာနဝသေန ပဌမ ဒုတိယ တတိယစတုတ္ထဇ္ဈာနဝသေန စ ဥပ္ပဇ္ဇနကဥပေက္ခာ သေဝိတဗ္ဗာ နာမ။ (ဒီ၊ဋ္ဌ၊၂၊၃၂၃။)
နေက္ခမ္မဝသေနာတိ ပဗ္ဗဇ္ဇာဒိဝသေန။ “ဝဋ္ဋဒုက္ခတော နိတ္ထရိဿာမီ”တိ ပဗ္ဗဇိတုံ ဘိက္ခူနံ သန္တိကံ ဂစ္ဆန္တဿ, ပဗ္ဗဇန္တဿ, စတုပါရိသုဒ္ဓိသီလံ အနုတိဋ္ဌန္တဿ, တံ သောဓေန္တဿ, ဓုတဂုဏေ သမာဒါယ ဝတ္တန္တဿ,ကသိဏပရိကမ္မာဒီနိ ကရောန္တဿ စ ယာ ပဋိပတ္တိ၊ သဗ္ဗာ သာ ဣဓ “နေက္ခမ္မ”န္တိ အဓိပ္ပေတာ။ ယေဘုယျေန အနုဿတိယာ ဥပစာရဇ္ဈာနံ နိဋ္ဌာတီတိ ကတွာ “အနုဿတိဝသေနာ”တိ ဝတွာ “ပဌမဇ္ဈာနာဒိဝသေနာ”တိ ဝုတ္တံ။ ဧတ္ထ စ ယထာ ပဗ္ဗဇ္ဇာ ဃရဗန္ဓနတော နိက္ခမနဋ္ဌေန နေက္ခမ္မံ၊ ဧဝံ ဝိပဿနာဒယောပိ တံပဋိပက္ခတော။တေနာဟ ---
ပဗ္ဗဇ္ဇာ ပဌမံ ဈာနံ၊ နိဗ္ဗာနဉ္စ ဝိပဿနာ။ သဗ္ဗေပိ ကုသလာ ဓမ္မာ၊ နေက္ခမ္မန္တိ ပဝုစ္စရေ။ (ဒီ၊ဋီ၊၂၊၂၆၄။ ဣတိဝုတ္တက၊ဋ္ဌ၊၃၃၁။)
“သံသရာဝဋ်ဒုက္ခမှ ငါထွက်မြောက်ရပေတော့အံ့”ဟု ရည်ရွယ်မှန်းထားကာ ရှင်ရဟန်း ပြုဖို့ရန် ရှင်ရဟန်းတို့အထံသို့ သွားသော ပုဂ္ဂိုလ်၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, ရှင်ရဟန်းပြုသူ၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, စတုပါရိသုဒ္ဓိသီလကို အစဉ်လိုက်၍ တည်နေသူ၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, ထိုစတုပါရိသုဒ္ဓိသီလကို စင်ကြယ်အောင် ဆေးကြောသုတ်သင်သော ရဟန်း၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, ဓုတင် ဂုဏ်ကျေးဇူးတို့ကို ဆောက်တည်၍ ကျင့်သော ရဟန်း၏ ကျင့်ဝတ်ပဋိပတ်ကိုလည်းကောင်း, ကသိုဏ်းပရိကံ စသောဘာဝနာ လုပ်ငန်းရပ်တို့ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်သော ရဟန်း၏ ကျင့်ဝတ် ပဋိပတ်ကိုလည်းကောင်း ဤအလုံးစုံသော ကျင့်ဝတ်ပဋိပတ်ကို ဤအရာ၌ နေက္ခမ္မဟူ၍ အလိုရှိအပ်ပေသည်။
- ၁။ ရှင်ရဟန်း အဖြစ်သည် အိမ်ရာတည်ထောင် လူ့ဘောင်တည်းဟူသော အနှောင်ဖွဲ့မှ ထွက်မြောက်တတ်သောကြောင့် နေက္ခမ္မ မည်၏။
- ၂။ ပထမဈာန်သည် နီဝရဏတို့မှ ထွက်မြောက်တတ်သောကြောင့် နေက္ခမ္မ မည်၏။
- ၃။ နိဗ္ဗာန်သည် အလုံးစုံသော သင်္ခါရတို့မှ ထွက်မြောက်တတ်သောကြောင့် နေက္ခမ္မ မည်၏။
- ၄။ ဝိပဿနာသည် “နိစ္စ-သုခ-အတ္တ-သုဘ”ဟု ရှုတတ်သော အကုသိုလ်တရားတို့မှ ထွက်မြောက်တတ်သောကြောင့် နေက္ခမ္မ မည်၏။
- ၅။ ကုသိုလ်တရား အားလုံးတို့သည်လည်း အကုသိုလ်တရားတို့မှ ထွက်မြောက်တတ်သောကြောင့် နေက္ခမ္မမည်၏။
ဤသို့လျှင် ဆိုင်ရာ ဆိုင်ရာ ဆန့်ကျင်ဘက်တရားတို့မှ ထွက်မြောက်တတ်သောကြောင့် ဤအထက်ပါတရားအားလုံးကို နေက္ခမ္မဟူ၍ ခေါ်ဆိုရသည်။
ယင်းနေက္ခမ္မ၏ အစွမ်းဖြင့်လည်းကောင်း, ဝိပဿနာ၏ အစွမ်းဖြင့်လည်းကောင်း, အနုဿတိ၏ အစွမ်းဖြင့်လည်းကောင်း, ပထမဈာန် စသည်တို့၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်ပေါ်လာသော သောမနဿဝေဒနာ,ဒေါမနဿဝေဒနာ, ဥပေက္ခာဝေဒနာ အသီးအသီးသည် မှီဝဲအပ်သော ဝေဒနာ မည်၏။
၁။ အထက်တွင် ဖော်ပြခဲ့သော ရှင်ရဟန်းပြုရန် ရဟန်းတော်တို့ အထံသို့သွားစဉ် ဖြစ်ပေါ်နေသော ကုသိုလ်စိတ်တို့နှင့် ယှဉ်သော သောမနဿဝေဒနာ, ယင်းကုသိုလ်တို့ကို တစ်ဖန် အာရုံပြု၍ အမှတ်ရ၍ ဖြစ်ပေါ်လာသော ကုသိုလ်စိတ်တို့နှင့် ယှဉ်သော သောမနဿဝေဒနာ, သီလကျင့်ဝတ် ပဋိပတ်တို့ကို ဆောက်တည်စဉ် ဖြစ်ပေါ်နေသော ကုသိုလ်သောမနဿဝေဒနာ, ဆောက်တည်အပ်သော သီလကို အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်သောမနဿဝေဒနာ, သီလကို စင်ကြယ်အောင် ဖြည့်ကျင့်စဉ် ဖြစ်ပေါ်နေသော ကုသိုလ် သောမနဿဝေဒနာ, စင်ကြယ်သော သီလကို အမှတ်ရ၍ အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်သောမနဿဝေဒနာ,ဓုတင်ကျင့်ဝတ် ပဋိပတ်ကို ဖြည့်ကျင့်နေသော ကုသိုလ်သောမနဿဝေဒနာ, ယင်းဓုတင်ပဋိပတ်ကို အမှတ်ရ၍အာရုံပြု၍ ဖြစ်ပေါ်လာသော ကုသိုလ်သောမနဿဝေဒနာ, ကသိုဏ်းပရိကံ အာနာပါနပရိကံ စသည်ကို ဖြည့်ကျင့်သဖြင့် ရရှိလာသော ပထမဈာန် ဒုတိယဈာန် တတိယဈာန်တို့နှင့် ယှဉ်သော သောမနဿဝေဒနာ, ယင်းဈာန်တရားတို့ကိုလည်းကောင်း စတုတ္ထဈာန် စသည့် ဈာန်တို့ကိုလည်းကောင်း အာရုံပြု၍ အမှတ်ရ၍ ဖြစ်ပေါ်လာသော ကုသိုလ်သောမနဿဝေဒနာ, ဝိပဿနာဉာဏ်နှင့် ယှဉ်သော သောမနဿဝေဒနာ, ဝိပဿနာဉာဏ်ကို အာရုံပြု၍ အားရကျေနပ်နေသော ကုသိုလ်သောမနဿဝေဒနာ, အနုဿတိကမ္မဋ္ဌာန်းတို့ကို ပွားများသဖြင့် ယေဘုယျအားဖြင့် ရရှိသော ဥပစာရ ဈာန်သမာဓိနှင့် ယှဉ်သော သောမနဿဝေဒနာ စသည် များမြတ်ကုသိုလ်--- သောမနဿဝေဒနာတို့ကား သေဝိတဗ္ဗ မှီဝဲထိုက်သော သောမနဿဝေဒနာတို့တည်း။ ယင်း သောမနဿဝေဒနာတို့ကို မှီဝဲခြင်းကြောင့် အကုသိုလ်တရားများ ဆုတ်ယုတ်၍ ကုသိုလ်တရားများ တိုးပွားလာနိုင်သဖြင့်မှီဝဲထိုက်ခြင်း ဖြစ်သည်။
၂။ ရှင်ရဟန်းပြုမှုကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ, သီလပဋိပတ် ဓုတင်ပဋိပတ်စသည်တို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ, ကသိုဏ်းပရိကံ စသော ဘာဝနာလုပ်ငန်းရပ်တို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ, ပထမဈာန် စသည်တို့၏ လျှောကျမှုကိုအကြောင်းခံ၍ ဖြစ်ပေါ်လာရသော ဒေါမနဿဝေဒနာ, အနုဿတိ ဘာဝနာကမ္မဋ္ဌာန်းတို့ကို အကြောင်းခံ၍ ဖြစ်ပေါ်လာရသော ဒေါမနဿဝေဒနာ, ဝိပဿနာဉာဏ်တို့၏ မျှော်လင့်တောင့်တသည့်အတိုင်း မဂ်ဉာဏ် ဖိုလ်ဉာဏ်သို့ ရောက်အောင် ပို့ဆောင်မပေးနိုင်သဖြင့် ဝိပဿနာဉာဏ်တို့ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော ဒေါမနဿဝေဒနာ ဤသို့ စသည်ဖြင့် ဒေါမနဿဝေဒနာတို့ကား မှီဝဲထိုက်သော ဒေါမနဿဝေဒနာတို့တည်း။
၃။ အထက်တွင် ဖော်ပြထားသော နေက္ခမ္မဓာတ် အမျိုးမျိုးကို အကြောင်းခံ၍သော်လည်းကောင်း, ယင်းနေက္ခမ္မဓာတ် အမည်ရသော ကုသိုလ်တရားတို့နှင့် ယှဉ်တွဲ၍သော်လည်းကောင်း ဖြစ်ပေါ်လာသော ကုသိုလ်ဥပေက္ခာ ဝေဒနာ, ဝိပဿနာဉာဏ်နှင့် ယှဉ်တွဲနေသော ဥပေက္ခာဝေဒနာ, တတြမဇ္ဈတ္တတာစေတသိက်ဟူသောဝိပဿနုပေက္ခာ, အနုဿတိကမ္မဋ္ဌာန်းတို့၏ အစွမ်းဖြင့် ဖြစ်ပေါ်လာသော ဥပေက္ခာဝေဒနာ, ပထမဈာန် ဒုတိယဈာန် တတိယဈာန်တို့ကို အာရုံပြု၍ အကြောင်းပြု၍ ဖြစ်ပေါ်လာသော တတြမဇ္ဈတ္တတာစေတသိက် ဟူသောဥပေက္ခာ, စတုတ္ထဈာန်နှင့် ယှဉ်သော ဥပေက္ခာဝေဒနာ, ယင်းစတုတ္ထဈာန်ကို အကြောင်းခံ၍ ဖြစ်ပေါ်လာသော ဥပေက္ခာဝေဒနာ --- ဤဥပေက္ခာတို့ကား မှီဝဲထိုက်သော ဥပေက္ခာတို့တည်း။ ဤဥပေက္ခာဝေဒနာတို့ကား မှီဝဲထိုက်သော ဥပေက္ခာဝေဒနာတို့တည်း။
ဝေဒနာကို အဦးမူသဖြင့် နာမ်ရုပ်တို့ကို သိမ်းဆည်းနေသော အသင်သူတော်ကောင်းသည် အထက်တွင် ဖော်ပြထားသော ဂေဟသိတ သောမနဿ, ဒေါမနဿ, ဥပေက္ခာဟူသော သာမိသ သုခ, သာမိသ ဒုက္ခ,သာမိသ ဥပေက္ခာဝေဒနာတို့ကိုလည်းကောင်း, နေက္ခမ္မသိတ သောမနဿ, ဒေါမနဿ, ဥပေက္ခာဟူသော နိရာမိသသုခ, နိရာမိသ ဒုက္ခ, နိရာမိသ ဥပေက္ခာဝေဒနာတို့ကိုလည်းကောင်း ဉာဏ်ရှိသလို ချဲ့ထွင်၍ သိမ်းဆည်း ရှုပွားပါ။ ဝေဒနာကို အဦးမူ၍ နာမ်ရုပ်တို့ကို သိမ်းဆည်းနိုင်အောင်ကား အထူးပင် ကြိုးပမ်းရမည် ဖြစ်ပေသည်။
ရုပ် (၂၈)ပါးကို အာရုံပြု၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ကုသိုလ်ဇောများ စောသည့် ပဉ္စဒွါရဝီထိ မနောဒွါရဝီထိ နာမ်တရားတို့ကိုလည်းကောင်း, အကုသိုလ်ဇောများ စောသည့် ပဉ္စဒွါရဝီထိမနောဒွါရဝီထိ နာမ်တရားတို့ကိုလည်းကောင်း ဝေဒနာကို အဦးမူ၍ သိမ်းဆည်းခဲ့သော် သာမိသ သုခ, ဒုက္ခ,ဥပေက္ခာ ဝေဒနာ, နိရာမိသ သုခ, ဒုက္ခ, ဥပေက္ခာဝေဒနာတို့ကို သိမ်းဆည်းမှုလည်း အကျုံးဝင်သွားပြီ ဖြစ်၏။
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝဟူသော သီလကုသိုလ်ဇောဝီထိ စိတ်အစဉ်တို့ကို သိမ်းဆည်းရာ၌လည်း ဝေဒနာကို အဦးမူ၍ သိမ်းဆည်းခဲ့သော် နိရာမိသ သုခဝေဒနာ ဥပေက္ခာဝေဒနာတို့ကို သိမ်းဆည်းမှုလည်းအကျုံးဝင်သွားပေသည်။ ယင်း သီလမဂ္ဂင်တို့ကို အာရုံပြု၍ အကြောင်းခံ၍ ဒေါမနဿဝေဒနာ ဖြစ်ခဲ့သော် ယင်းဒေါမနဿဝေဒနာကို အဦးမူ၍ ယင်း ဒေါမနဿ ပြဓာန်းသည့် အကုသိုလ်တရားတို့ကို သိမ်းဆည်းနိုင်လျှင်လည်းနိရာမိသ ဒုက္ခဝေဒနာကို သိမ်းဆည်းနိုင်သည်ပင် မည်ပေသည်။
ဗုဒ္ဓါနုဿတိ မရဏာနုဿတိ စသည် အနုဿတိ ဘာဝနာနာမ်တရားတို့ကို သိမ်းဆည်းရာ၌လည်း နည်းတူပင် သဘောပေါက်ပါ။
ဈာန်နာမ်တရားတို့ကို သိမ်းဆည်းရာ၌ ဝေဒနာကို အဦးမူ၍ သိမ်းဆည်းခဲ့သော် နိရာမိသ သုခဝေဒနာ,နိရာမိသ ဥပေက္ခာဝေဒနာတို့ကို သိမ်းဆည်းမှုလည်း အကျုံးဝင်သွားပြီ ဖြစ်၏။ ယင်းဈာန်တို့ကို အကြောင်းပြု၍ဒေါမနဿ ဖြစ်ခဲ့သော် ရရှိပြီးဈာန်၏ လျှောကျခြင်းကြောင့် ဒေါမနဿ ဖြစ်ခဲ့သော် ယင်းဒေါမနဿဝေဒနာကို အဦးမူ၍ ယင်းဒေါသအုပ်စု နာမ်တရားတို့ကို သိမ်းဆည်းခဲ့သော် နိရာမိသ ဒုက္ခဝေဒနာကို သိမ်းဆည်းမှုလည်း အကျုံးဝင်သွားပေသည်။