Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[475]b ဒီဃနခသုတ္တန် ကောက်နုတ်ချက်

ຜູ້ຂຽນ: IAPT

ဒီဃနခသုတ္တန် ကောက်နုတ်ချက်

ယသ္မိံ အဂ္ဂိဝေဿန သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ ဒုက္ခံ ဝေဒနံ ဝေဒေတိ၊ န အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ၊ သုခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။ ယသ္မိံ အဂ္ဂိဝေဿန သမယေဒုက္ခံ။ ပ ။ အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ န ဒုက္ခံ ဝေဒနံ ဝေဒေတိ၊ အဒုက္ခမသုခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။

သုခါပိ ခေါ အဂ္ဂိဝေဿန ဝေဒနာ အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝယဓမ္မာ ဝိရာဂဓမ္မာ နိရောဓဓမ္မာ။ ဒုက္ခာပိ ခေါ။ ပ ။ အဒုက္ခမသုခါပိ ခေါ အဂ္ဂိဝေဿန ဝေဒနာ အနိစ္စာ သင်္ခတာ။ ပ ။ နိရောဓဓမ္မာ။ ဧဝံ ပဿံ အဂ္ဂိဝေဿန သုတဝါ အရိယသာဝကော သုခါယပိ ဝေဒနာယ နိဗ္ဗိန္ဒတိ၊ ဒုက္ခာယပိ ဝေဒနာယ နိဗ္ဗိန္ဒတိ၊ အဒုက္ခမသုခါယပိ ဝေဒနာယ နိဗ္ဗိန္ဒတိ၊ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ၊ ဝိရာဂါ ဝိမုစ္စတိ၊ ဝိမုတ္တသ္မိံ ဝိမုတ္တမိတိဉာဏံ ဟောတိ။ “ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ”တိ ပဇာနာတိ။ (မ၊၂၊၁၆၈။)

= အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...အကြင်အခါ၌ ချမ်းသာသော သုခဝေဒနာကို ခံစားနေ၏၊ ထိုအခါ၌ ဆင်းရဲသော ဒုက္ခဝေဒနာကိုလည်း မခံစားပေ။ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်းမဟုတ်သော အဒုက္ခမသုခ ဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ချမ်းသာသော သုခဝေဒနာကိုသာလျှင်ခံစား၏။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...အကြင်အခါ၌ ဆင်းရဲသည့် ဒုက္ခဝေဒနာကို ခံစားနေ၏၊ ထိုအခါ၌ ချမ်းသာသည့် သုခဝေဒနာကိုလည်း မခံစားပေ၊ ဆင်းရဲလည်းမဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ဆင်းရဲသည့် ဒုက္ခဝေဒနာကိုသာ ခံစား၏။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...အကြင်အခါ၌ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခ ဝေဒနာကို ခံစားနေ၏၊ ထိုအခါ၌ ချမ်းသာသည့် သုခဝေဒနာကိုလည်း မခံစားပေ၊ ဆင်းရဲသည့် ဒုက္ခဝေဒနာကိုလည်း မခံစားပေ။ ထိုအခါ၌ ဆင်းရဲလည်း မဟုတ် ချမ်းသာလည်း မဟုတ်သော အဒုက္ခမသုခဝေဒနာကိုသာလျှင် ခံစား၏။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...သုခဝေဒနာသည်လည်း ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားသာတည်း၊ အကြောင်းတရားတို့သည် ပေါင်းစု၍ ပြုပြင်မှ အနိုင်နိုင် ဖြစ်ပေါ်လာရသော သင်္ခတတရားသာတည်း၊ အကြောင်းတရားတို့ကို စွဲမှီ၍ ဖြစ်ပေါ်လာရသော ပဋိစ္စသမုပ္ပန္နတရားသာတည်း။ ကုန်တတ်သော ခယသဘောတရားသာတည်း၊ ပျက်တတ်သော ဝယသဘောတရားသာတည်း၊ ကုန်တတ် ပျက်တတ်သော ဝိရာဂသဘောတရားသာတည်း။ (ခယဝိရာဂတရား ဟူလိုသည်။) ချုပ်တတ်သော နိရောဓ သဘောတရားသာတည်း။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...ဒုက္ခဝေဒနာသည်လည်း ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားသာတည်း။ ပ ။ ချုပ်တတ်သော နိရောဓ သဘောတရားသာတည်း။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...အဒုက္ခမသုခဝေဒနာသည်လည်း ဖြစ်ပြီးလျှင် ပျက်တတ်သော အနိစ္စတရားသာတည်း။ ပ ။ ချုပ်တတ်သော နိရောဓ သဘောတရားသာတည်း။

အဂ္ဂိဝေဿနအနွယ်၌ ဖြစ်သော ဒါယကာတော် ပရိဗိုဇ် ...ဝိပဿနာပညာ မဂ်ပညာဖြင့် ဤသို့ သိမြင် လတ်သော် အာဂမသုတဟူသော သင်သိ, အဓိဂမသုတဟူသော ကျင့်သိ --- ဤအသိ နှစ်မျိုးဟူသော အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသော အရိယသာဝကသည်, တစ်နည်း အရိယာ ဖြစ်တော်မူသော ငါဘုရားရှင်၏ တပည့်သာဝကသည် သုခဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ ဒုက္ခဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ အဒုက္ခမသုခ ဝေဒနာ၌လည်း ငြီးငွေ့တော့၏၊ ငြီးငွေ့လတ်သော် တွယ်တာတပ်မက်ခြင်း ကင်းပြတ်တော့၏၊ တွယ်တာတပ်မက်ခြင်း ကင်းပြတ်ခြင်းကြောင့် ကိလေသာတို့မှ လွတ်မြောက်တော့၏၊ စိတ်သည် ကိလေသာတို့မှ လွတ်မြောက်လတ်သော် ငါ၏ စိတ်သည် ကိလေသာတို့မှ လွတ်လေပြီ ကျွတ်လေပြီဟု ဆင်ခြင်တတ်သော ပစ္စဝေက္ခဏာဉာဏ်သည် ဖြစ်ပေါ်လာ၏။

“ပဋိသန္ဓေ တည်နေရခြင်းသည် ကုန်ပြီ၊ မဂ္ဂဗြဟ္မစရိယ အမည်ရသော မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ ပြုသင့် ပြုထိုက်သော အရိယမဂ်ကိစ္စကို ပြုပြီးပြီ၊ အရိယမဂ်ကိစ္စအလို့ငှာ တစ်ဖန် ပြုဖွယ်ကိစ္စသည် မရှိတော့ပြီ”ဟု သိ၏။ (မ၊၂၊၁၆၇-၁၆၈။)

ဤအထက်ပါ ဒီဃနခသုတ္တန်တွင် ဘုရားရှင်သည် အဂ္ဂိဝေဿနပရိဗိုဇ်အား အထက်ပါ ဝေဒနာကမ္မဋ္ဌာန်းကို မဟောမီ ဓာတ်ကမ္မဋ္ဌာန်းကို ရှေးဦးစွာ ဟောကြားပေးတော်မူ၏။ (မ၊၂၊၁၆၇ စသည်၌ ကြည့်ပါ။) ထိုနောင်မှယင်းဝေဒနာကမ္မဋ္ဌာန်းကို ဆက်လက်၍ ဟောကြားပေးတော်မူလေသည်။ သို့အတွက် ယောဂါဝစရပုဂ္ဂိုလ်သည်အထက်ပါ ဝေဒနာသုံးမျိုးတို့ကို သို့မဟုတ် ဝေဒနာကမ္မဋ္ဌာန်းကို သိမ်းဆည်း ရှုပွားလိုပါက အောက်ပါ အင်္ဂါရပ်တို့နှင့် ပြည့်စုံအောင် ကြိုးပမ်းရတော့မည် ဖြစ်သည်။

  • ၁။ ရှေးဦးစွာ ရုပ်တရားတို့ကို သိမ်းဆည်းပြီး ဉာဏ်ဖြင့် ပိုင်းခြားယူပြီး ဖြစ်ရမည်။ ပရမတ်သို့ ဉာဏ်အမြင်ဆိုက်ပြီးသူ ဖြစ်ရမည်။
  • ၂။ (က) သုခဝေဒနာဖြစ်ခိုက် ဒုက္ခဝေဒနာ ဥပေက္ခာဝေဒနာတို့ မဖြစ်ပုံ,
    • ( ခ ) ဒုက္ခဝေဒနာဖြစ်ခိုက် သုခဝေဒနာ ဥပေက္ခာဝေဒနာတို့ မဖြစ်ပုံ,
    • ( ဂ ) ဥပေက္ခာဝေဒနာဖြစ်ခိုက် သုခဝေဒနာ ဒုက္ခဝေဒနာတို့ မဖြစ်ပုံတို့ကို ဟုတ်တိုင်းမှန်စွာ သိရမည်။
  • ၃။ ယင်းဝေဒနာတို့သည် ဆိုင်ရာ ဆိုင်ရာ အကြောင်းတရားတို့က ပေါင်းစု၍ ပြုပြင်ပေးပါမှ အနိုင်နိုင် ဖြစ်ပေါ်လာကြရသော သင်္ခတတရားတို့သာ ဖြစ်ကြသဖြင့် အကြောင်းတရားတို့ကို စွဲမှီ၍သာ ဖြစ်ပေါ်လာကြရသော ပဋိစ္စသမုပ္ပန္နတရားတို့သာ ဖြစ်ကြသဖြင့် ---
    • (က) ဆိုင်ရာဆိုင်ရာ ယှဉ်ဖက်စိတ်စေသိက် သမ္ပယုတ်တရားစုတို့က သဟဇာတ အညမည နိဿယ အတ္ထိ အဝိဂတ စသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးပါမှ ဖြစ်ပေါ်လာရပုံကိုလည်း ဟုတ်တိုင်းမှန်စွာသိမ်းဆည်းရှုပွားရမည်။ (ဝေဒနာတစ်ခုတည်းကိုသာ ရှုရမည် ရှုရသည် မဟုတ် ယှဉ်ဖက် သမ္ပယုတ်တရားတို့ကိုပါ ရှုရမည်ဟု ဆိုလိုသည်။)
    • ( ခ ) အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ --- စသော ဆိုင်ရာဆိုင်ရာ အကြောင်းတရားတို့ကြောင့် ဝေဒနာနှင့် တကွသော နာမ်တရား ရုပ်တရားတို့၏ ထင်ရှားဖြစ်ပေါ်လာပုံကိုလည်းကောင်း, ယင်း အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်အခိုက်၌ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်းကြောင့် အကျိုး နာမ်ရုပ်တို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းသွားခြင်း အနုပ္ပါဒနိရောဓသဘောကိုလည်းကောင်း ဟုတ်တိုင်းမှန်စွာ သိရမည်။
  • ၄။ ယင်းအကြောင်းတရားနှင့် တကွသော ဝေဒနာနှင့်တကွသော နာမ်ရုပ်တို့၏ အနိစ္စအခြင်းအရာ ဒုက္ခအခြင်းအရာ အနတ္တအခြင်းအရာကိုလည်း မဂ်ဆိုက် ဖိုလ်ဆိုက်သည်တိုင်အောင် ဟုတ်တိုင်းမှန်စွာ သိရမည်။

ဤသို့ သိရှိပါမှ သိမ်းဆည်းနိုင်ပါမှ ရှုပွားနိုင်ပါမှသာလျှင် ဝေဒနာကို ဟုတ်တိုင်းမှန်စွာ သိသည် မည်ကြောင်းကို ဤဝေဒနာပရိဂ္ဂဟသုတ္တန်ဟု အမည်တွင်သော ဒီဃနခသုတ္တန်က ညွှန်ပြနေပေသည်။ ဤကားအထက်ပါ အဋ္ဌကထာ စကားရပ်တို့၏ ဆိုလိုရင်းသဘောတည်း။