တစ်နည်း ဝိစိကိစ္ဆာ နီဝရဏကို ပယ်ကြောင်းတရား (၆) ပါး
တစ်နည်းကား --- (၆)ပါးကုန်သောတရားတို့သည် ဝိစိကိစ္ဆာနီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကုန်၏။
- ၁။ များသော အကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်း,
- ၂။ အဖန်ဖန် မေးမြန်းတတ်သူ ဖြစ်ခြင်း,
- ၃။ ဝိနည်းအရာ၌ သဘောတရားတို့ကို သိသူ ဖြစ်ခြင်း,
- ၄။ များသော ဆုံးဖြတ်ချက်ချခြင်းရှိသူ ဖြစ်ခြင်း,
- ၅။ မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်း ရှိသူ ဖြစ်ခြင်း,
- ၆။ ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ကြောင်း လျောက်ပတ်သော တရားစကား ရှိသူ ဖြစ်ခြင်း ---
ဤ (၆)ပါးကုန်သော တရားတို့သည် ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားခြင်းငှာ ဖြစ်ကြကုန်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)
၁။ များသော အကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်းကြောင့် နိကာယ် တစ်ရပ်ကို ဖြစ်စေ, နိကာယ် နှစ်ရပ်ကိုဖြစ်စေ, နိကာယ် သုံးရပ်ကို ဖြစ်စေ, နိကာယ် လေးရပ်ကို ဖြစ်စေ, နိကာယ် ငါးရပ်ကို ဖြစ်စေ, ပါဠိတော်နှင့် တကွ အဋ္ဌကထာကို သင်ယူသော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)
၂။ ရတနာသုံးပါးတို့ကို အကြောင်းပြု၍ အကြိမ်များစွာ အဖန်ဖန် အထပ်ထပ် မေးမြန်းခြင်းရှိသော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာနီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)
များသောအကြားအမြင် ဗဟုသုတရှိသူ ဖြစ်ခြင်း, ရတနာသုံးပါးတို့၏ အကြောင်းအရာကို အကြိမ်များစွာ အဖန်ဖန်အထပ်ထပ် မေးမြန်းတတ်သူ ဖြစ်ခြင်းဟူသော ဤအကြောင်းတရားတို့ကြောင့် ---
- (က) ၈ - ပါးသော တည်ရာဝတ္ထု ရှိသော ဝိစိကိစ္ဆာ (ဝိစိကိစ္ဆာစေတသိက်ပိုင်း၌ ရှင်းခဲ့ပြီ။)
- ( ခ ) ၁၆ - ပါးသော တည်ရာဝတ္ထု ရှိသော ဝိစိကိစ္ဆာ (ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင် ထင်ရှားလတ္တံ့) ---
ဤဝိစိကိစ္ဆာ အမျိုးမျိုးကို အကယ်၍ကား ပယ်အပ် ပယ်နိုင်ပါပေ၏။ ထိုသို့ပင် ပယ်နိုင်ပါသော်လည်း ရတနာသုံးပါးအပေါ်၌ ယုံမှားသံသယ ရှိမှု = ဝိစိကိစ္ဆာမှ ကြွင်းသော ဝိစိကိစ္ဆာမှန်သမျှသည် ရတနာသုံးပါးအပေါ်၌ ယုံမှားသံသယဖြစ်ခြင်း ဝိစိကိစ္ဆာလျှင် အရင်းခံ ရှိ၏။ ဘုရားကို မယုံလျှင် ဘုရားရှင်၏ တရားကိုလည်း ယုံတော့မည် မဟုတ်၊ ဘုရားရှင်၏ တပည့်သား သာဝကဖြစ်သည့် အရိယသံဃာကိုလည်း ယုံတော့မည် မဟုတ်။ ရတနာသုံးပါးကို မယုံကြည်လျှင် သီလ သမာဓိ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်၌လည်း ယုံကြည်တော့မည် မဟုတ်၊ အတိတ်ဘဝ, အနာဂတ်ဘဝ, အတိတ် အနာဂတ် ဘဝတို့၌လည်း ယုံကြည်တော့မည် မဟုတ်၊ ကြောင်း-ကျိုး ဆက်နွှယ်မှု = ပဋိစ္စသမုပ္ပါဒ်သဘောတရားတို့၌လည်း ယုံကြည်တော့မည် မဟုတ်၊ ဤသို့ စသည်ဖြင့် သဘောပေါက်ပါလေ။ သို့အတွက် ရတနာသုံးပါးတို့ကို အကြောင်းပြု၍ ယုံမှားသံသယရှိမှုကိုသာ ဦးတည်၍အဋ္ဌကထာက ဖွင့်ဆိုခြင်း ဖြစ်သည်။ (မူလဋီ၊၂၊၁၆၀။)
၃။ ဝိနည်းပညတ်တော်၌ နိုင်နိုင်နင်းနင်း ကျွမ်းကျွမ်းကျင်ကျင် လေ့လာအပ်ပြီးသော အလေ့အကျင့် ဝသီဘော် ရှိသည်၏ အဖြစ်ကြောင့် ဝိနည်းသဘောတရား၌ တတ်သိနားလည်သော ယောဂါဝစရပုဂ္ဂိုလ် ဖြစ်မှုသည်လည်း --- သိက္ခာယ ကင်္ခတိ = သီလ - သမာဓိ - ပညာ သိက္ခာသုံးရပ် အကျင့်မြတ်၌ ယုံမှားသံသယ ရှိ၏။ ဟူ၍ ဟောကြားထားတော်မူအပ်သော ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)
၄။ ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်ကို သက်ဝင်၍ ယုံကြည်တတ်သော ဩကပ္ပနသဒ္ဓါဟု ခေါ်ဆိုအပ်သော သဒ္ဓါဓိမောက္ခဖြင့် ဘုရားစစ် ဘုရားမှန် ဧကန်မှန်၏၊ တရားစစ် တရားမှန် ဧကန်မှန်၏၊ သံဃာစစ်သံဃာမှန် ဧကန်မှန်၏ဟု များများကြီး လွန်လွန်ကဲကဲ ဆုံးဖြတ်ခြင်းရှိသော ပုဂ္ဂိုလ်သည်လည်း ရတနာသုံးပါးတို့၌ ယုံမှားသံသယရှိမှု ဝိစိကိစ္ဆာတရားကို ပယ်ရှားနိုင်၏။ (ယင်းသို့ ပယ်ရှားနိုင်ရေးအတွက် ရတနာသုံးပါးတို့၏ ဂုဏ်တော်တို့၌ လွန်လွန်ကဲကဲ သက်ဝင်ယုံကြည်တတ်သော သဒ္ဓါတရား ရှိလာအောင် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းစသည်တို့ကို ပွားများသင့်လှပေသည်။) (အဘိ၊ဋ္ဌ၊၂၊၂၆၂။)
၅။ ရတနာသုံးပါး၌ လွန်လွန်ကဲကဲ စွဲမြဲနစ်မြုပ်သော ယုံကြည်ချက် သဒ္ဓါတရား ထင်ရှားရှိကြကုန်သော အရှင်ဝက္ကလိမထေရ်မြတ်ကြီးနှင့် တူကုန်သော မိတ်ကောင်း ဆွေကောင်း ဆရာကောင်း သမားကောင်းတို့ကို မှီဝဲဆည်းကပ်သော ပုဂ္ဂိုလ်သည်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)
၆။ လျောင်း-ထိုင်-ရပ်-သွား လေးပါးသော ဣရိယာပုထ်တို့၌ ရတနာသုံးပါးတို့၏ ဂုဏ်တော် ကျေးဇူးတော်တို့ကိုမှီသော လျောက်ပတ်သော တရားစကားဖြင့်လည်း ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ပေ၏။
ထိုကြောင့် (၆)ပါးကုန်သော တရားတို့သည် ဝိစိကိစ္ဆာ နီဝရဏတရားကို ပယ်ရှားနိုင်ကုန်၏ဟု ဖွင့်ဆိုခဲ့ခြင်း ဖြစ်သည်။ ဤ (၆)ပါးကုန်သော တရားတို့ဖြင့် ပယ်ရှားအပ်ပြီးသော ဝိစိကိစ္ဆာ နီဝရဏတရားသည် သောတာပတ္တိမဂ်ဉာဏ်ကြောင့် နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်း = အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်း၏ဟု ကွဲကွဲပြားပြား သိ၏၊ ကွဲကွဲပြားပြား သိအောင် ကြိုးစားအားထုတ်ပါ။ (အဘိ၊ဋ္ဌ၊၂၊၂၆၂။)